ခရီးသွားခြင်းဖြင့် စိတ်လှုပ်ရှားစရာ၊ အတွေ့အကြုံသစ်တွေ၊ သဘာဝအလှအပတွေ၊ ခံစားမှုရသမျိုးစုံ စတာတွေ ရရှိနိုင်ပါတယ်။ ကွီးတို့ရော ခရီးသွားရတာ ဝါသနာပါပါသလား။ ဘယ်လိုအကြောင်းနဲ့ပဲ ခရီးထွက်ထွက် အရေးအကြီးဆုံးကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ဒေသမှာ ဘေးကင်းလုံခြုံဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းပြီး ဘေးကင်းလုံခြုံသော ခရီးတစ်ခုဖြစ်ဖို့ သိထားရမယ့်အချက်လေးတွေကို ဝေမျှပေးမှာပဲ ဖြစ်ပါတယ်။

ကြိုတင်စီစဉ်ထားပါ

ဘေးကင်းလုံခြုံသော ခရီးတစ်ခုဖြစ်ဖို့

Photo : Busy Tourist

ကွီးတို့အနေနဲ့ ခရီးတစ်ခုထွက်မယ်ဆိုရင် အရာအားလုံးကို ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်။ အဓိကကတော့ ကိုယ်သွားရောက်မယ့်နေရာရဲ့ အကြောင်းအရာတွေကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ကိုယ်သွားမဲ့ နေရာဒေသအကြောင်း နဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို သိရှိထားခြင်းက ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ်။ ခရီးသွားသုံးသပ်ချက်များကိုဖတ်ပြီး အလုံခြုံဆုံးရပ်ကွက်များ၊ တည်းခိုရန်နေရာများနဲ့ ကိုယ်လည်ပတ်မယ့်နေရာများကို လေ့လာပါ။

အရေးကြီးသော စာရွက်စာတမ်းများကို သေချာထိန်းသိမ်းပါ

ဘေးကင်းလုံခြုံသော ခရီးတစ်ခုဖြစ်ဖို့

Photo : Connaught Law

ခရီးတစ်ခုသွားရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပါ။ အထူးသဖြင့် ပတ်စ်ပို့၊ မှတ်ပုံတင်၊ ဗီဇာ နဲ့ အခြားသော သက်သေခံပစ္စည်းများကို ကိုယ်နဲ့တစ်ပါတည်း ယူဆောင်သွားဖို့ အရေးကြီးပါတယ်။ ခရီးသွားစဉ်အတွင်းမှာလည်း မပျောက်ပျက်အောင် သေချာသိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။ အွန်လိုင်းမှာလည်း သိမ်းဆည်းထားပြီး အပို မိတ္တူများလည်း ကူးယူထားသင့်ပါတယ်။

မိသားစုဖြစ်စေ၊ သူငယ်ချင်းတွေကို ဖြစ်စေ ခရီးသွား အစီအစဉ်ကို အသိပေးထားပါ

ဘေးကင်းလုံခြုံသော ခရီးတစ်ခုဖြစ်ဖို့

Photo : Airport Technolgy

ကွီးတို့အနေနဲ့ တစ်ကိုယ်တော် ခရီးသွားသည်ဖြစ်စေ၊ အခြားသူများနဲ့ ခရီးသွားသည်ဖြစ်စေ ခရီးစဉ်အချက်အလက်တွေကို မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦးထံကို အသိပေးထားပါ။ ခရီးစဉ်အတွင်း  မိတ်ဆွေများ၊ မိသားစုတို့နဲ့ အဆက်အသွယ်မပြတ်စေရန် ကွီးတို့ရဲ့ ဖုန်း၊ အင်တာနက် စတာတွေ အဆင်ပြေပြေ အသုံးပြုနိုင်မှု သေချာပါစေ။ နောက်တစ်ချက်အနေနဲ့ကတော့ နေရာဒေသအသစ်မှာ ကွီးအနေနဲ့ လူတွေ သတိပြုမိအောင် ပေါ်ပေါ်ထင်ထင် ပြုမူတာမျိုး မလုပ်ပါနဲ့၊ တစ်ခါတစ်ရံမှာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။

အရေးပေါ် အခြေအနေများအတွက် လေ့လာထားပါ

Photo : Global Travel Media

ခရီးစဉ်အတွင်း အရေးပေါ် အခြေအနေများအတွက် ခရီးမသွားမီ သွားရောက်မယ့်ဒေသ အနီးနားရှိ ဆေးရုံများ၊ ရဲစခန်းများကို ရှာဖွေလေ့လာထားပါ။ အကယ်၍ ကွီးတို့ နိုင်ငံရပ်ခြားသို့ ခရီးသွားမည်ဆိုပါက ထိုနိုင်ငံရဲ့ ဒေသဘာသာစကားဖြင့် အရေးပေါ်စကားစုများကို လေ့လာပါ၊ သို့မှသာ လိုအပ်ပါက အကူအညီတောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ သောက်သုံးနေကျ ဆေးများနဲ့ အရေးပေါ်အတွက် ဆေးများကို ယူသွားဖို့ မမေ့ပါနဲ့။ ခရီးသွားအာမခံ ဝယ်ထားတာကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။

ပတ်ဝန်းကျင်ကို အမြဲသတိထားပါ

Photo : Visata Create

ကွီးတို့အနေနဲ့ ကိုယ်ရောက်ရှိတဲ့နေရာကို လည်ပတ်ရာမှာ ပတ်ဝန်းကျင်ကို သတိပြုဖို့လည်း မမေ့ပါနဲ့။ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်ရာ အခြေအနေမျိုး ခံစားရတယ်ဆိုရင် အဲဒီနေရာကနေ အမြန်ဆုံး ထွက်ခွာပါ။

နောက်ထပ် ဘေးကင်းလုံခြုံသော ခရီးတစ်ခုဖြစ်ဖို့ သိထားရမယ့်အချက်တွေကတော့

  • ဟိုတယ်ခန်းထဲမှာ ရှိနေရင်ဖြစ်စေ၊ ညအိပ်ရင်ဖြစ်စေ တံခါးသေချာပိတ်ပါ။
  • အများသုံး အင်တာနက်ဝန်ဆောင်မှု အသုံးပြုခြင်းကို သတိပြုပါ။
  • အနီးဆုံးသံရုံး သို့မဟုတ် ရဲစခန်းနှင့် အခြားဒေသဆိုင်ရာ အရေးပေါ်ဌာနများကို ဆက်သွယ်နိုင်စေဖို့ အချက်အလက်တွေကို လေ့လာထားပါ။
  • ဒေသခံများရဲ့ စည်းကမ်းနဲ့ သတိပေးချက်တွေကို လိုက်နာပါ။
  • ခရီးစဉ်အတွင်း အခြားတစိမ်းများနဲ့ ဘယ်ကိုမှ မလိုက်ပါနဲ့။
  • လူရှင်းသော နေရာများမှာ ကြာကြာနေခြင်းကို ‌ရှောင်ပါ။

ကွီးတို့ရေ ဒီလို အချက်တွေကို သေချာလိုက်နာမယ်ဆိုရင် တစ်ကိုယ်တည်းပဲ ခရီးသွားသွား၊ အုပ်စုလိုက်ပဲ ခရီးသွားသွား ဘေးကင်းလုံခြုံမှာ အသေအချာပါပဲ။

Source : Nationwide

Featured Photo : Vista Create