ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် ပုံမှန် အသားအရေဆိုင်ရာ ထိန်းသိမ်းမှုလေးတွေကို လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ အရွယ်တင်နုပျိုပြီး အိုမင်းရင့်ရော်ခြင်းတွေကို တားဆီးကာကွယ်နိုင်မယ့် အခြေခံအကျဆုံး အချက်ဟာလည်း အသားအရေ ထိန်းသိမ်းမှု ပုံမှန်လုပ်ဆောင်ပေးတာပါ။ ဒီနေရာမှာ ပြောစရာရှိတာကတော့ ထိခိုက်လွယ်တဲ့ Sensitive အသားအရေ ပိုင်ရှင်တွေဟာ သာမန်ထက်ပိုပြီး အသားအရေထိန်းသိမ်းရ ခက်ခဲတယ် ဆိုတာပါပဲ။ ဒါကြောင့် အခုတစ်ခေါက်မှာ Sensitive ဖြစ်တဲ့အသားအရေ ပိုင်ရှင်တွေအတွက် သိထားတဲ့ အလှအပဆိုင်ရာ အကြံပြုချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပါ
Photo : Sabbskin
အသားအရေ အစိုဓာတ်ပြည့်ဝနေဖို့က ဘယ်လို Skin Types မျိုးအတွက်မဆို အရေးကြီးပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် ပိုလို့အရေးကြီးပါတယ်။ အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်ကို ပုံမှန်လိမ်းပေးရမှာပါ။ အနည်းဆုံး မနက်တစ်ကြိမ် ညတစ်ကြိမ်လောက် အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။
(၂) နေရောင် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ
Photo : Brickell Men’s Products
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ အသားအရေအပေါ် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို တက်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး မကြာခဏဆိုသလို အသားအရေ နီမြန်းခြင်းနဲ့ အရေပြား လောင်ကျွမ်းခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေရောင်ထဲသွားတဲ့အခါ SPF မြင့်မားတဲ့ နေလောင်ဒဏ်ကာခရင်မ်လိမ်းဆေးတွေကို အသုံးပြုဖို့ လိုအပ်ပြီး ဦးထုပ်နဲ့ ထီးတိုလို နေရောင်ခြည်တိုက်ရိုက်မထိဖို့ အကာအကွယ်တွေ အသုံးပြုသင့်ပါတယ်။
(၃) အလွန်အကျွံ မျက်နှာသစ်ခြင်းကို ရှောင်ပါ
Photo : The Canberra Times
မျက်နှာကို သေချာဆေးကြော သန့်စင်ပေးတာက အသားအရေကို ရေဓာတ်ဖြည့်တင်းပေးရုံသာမက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကိုပါ ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါ စနစ်တကျနဲ့ သေချာဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ မျက်နှာသစ်ဆေးကို အမြုပ်ထသည်အထိ လက်ထဲမှာသေချာပွတ်ပြီး မျက်နှာအသားအရေအပေါ် ညင်သာစွာ ပွတ်လိမ်းဆေးကြောပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာ ကုပ်တာမျိုး မလုပ်ပါနဲ့။ သတိထားရမှာ တစ်ခုကတော့ တစ်နေ့တာအတွင်းမှာ မကြာခဏဆိုသလို မျက်နှာသစ်တာ ၊ အလွန်အကျွံ မျက်နှာသန့်စင်ဆေးကြောတာတွေက အသားအရေပေါ်က သဘာဝအစိုဓာတ်ကို ခြောက်ခမ်းစေပြီး အသားအရေ ကြမ်းတမ်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။
(၄) မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေကို သုံးပါ
Photo : Oprah Daily
Sensitive အသားအရေ ပိုင်ဆိုင်ထားသူတွေဟာ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ Cosmetics ထုတ်ကုန်တွေ အသုံးပြုရာမှာ တော်တော်လေး ဂရုစိုက်ရွေးချယ်ရပါတယ်။ အဓိကအားဖြင့် အယ်လ်ကိုဟောနဲ့ အမွှေးရနံ့ပါတဲ့ Cosmetics ထုတ်ကုန်တွေကို ရှောင်ရှားသင့်ပါတယ်။ ဒီလို အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေဟာ အသားအရေရဲ့ တုန့်ပြန်မှုကိုမြန်စေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ အများကြီးကို ဖြစ်လာစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ကိုယ့်ရဲ့အသားအရေ အခြေအနေပေါ်မူတည်ပြီး အရေပြား ဆရာဝန်ညွှန်ကြားတဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေကိုသာ ရွေးချယ်သုံးဖို့ အကြံပေးချင်ပါတယ်။
Featured Photo : Nordstrom