အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ အေးအေးလူလူပဲ ရေလိုက်ငါးလိုက် နေနေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ဝေးသထက် ဝေးလာမှာဖြစ်ပြီး အများနောက်မှာ နောက်ကောက်ကျကျန်ခဲ့မှာပါ။ အများရှေ့ တစ်ပန်းသာ ချင်တယ်ဆိုရင်တော့ ပျင်းရိတတ်တဲ့ စိတ်ကို အပြီးတိုင် စွန့်လွှတ်ပစ်ဖို့ လိုအပ်ပါတယ်။ ကိုယ်က အများရှေ့ မှာတော့ တစ်ပန်းသာ ချင်ပါရဲ့၊ ဒါပေမဲ့ ဘာမှ ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်တော့ ကွီးတို့ရဲ့ ပန်းတိုင်က လေပေါ်မှာပဲ တဝဲလည်လည် ဝဲပျံနေမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် အများရှေ့ မှာ တစ်ပန်းသာ ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

(၁) ကြိုတင်ပြင်ဆင်မှု ရှိပါ

ကြိုတင်ပြင်ဆင်မှု ရှိပါ

ကွီးတို့ရဲ့ ရည်မှန်းချက်များ ပြည့်ဝပြီး စိတ်ဓာတ်ခွန်အား မြင့်တက်နေဖို့အတွက် ကြိုတင်ပြင်ဆင်မှုလို့ခေါ်တဲ့ Plan ရှိဖို့ လိုအပ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုရှိခြင်းဟာ ကောင်းတဲ့အလေ့အကျင့် တစ်ခုပါ။ ကိုယ့်ရဲ့ ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တွေ ချမှတ်ထားရမှာ ဖြစ်သလို ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝမှာလည်း ပြင်ဆင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဘယ်အရာကိုမဆို Plan နဲ့ အစီစဉ်တကျဆောင်ရွက်ချင်းဟာ အမှားနည်းစေမှာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ အနားကပ်မှ ထလုပ်ခြင်း၊ ပြီးပြီးရော လုပ်ခြင်းက ကွီးတို့ရဲ့ အစီအစဥ်များကို အောင်မြင်စေမှာ မဟုတ်ပါဘူး။

(၂) ကိုယ့်ရဲ့ လေ့လာမှုကို မရပ်တန့်လိုက်ပါနဲ့

ကိုယ့်ရဲ့ လေ့လာမှုကို မရပ်တန့်လိုက်ပါနဲ့

အောင်မြင်သူတွေဆီမှာ သူတို့ရဲ့လေ့လာသင်ယူမှုက ဘယ်တော့ရပ်တန့်သွားတယ်ဆိုတာမရှိပါဘူး။ အချိန်ရှိသရွေ့မိမိရဲ့ပညာရပ်ကို ဆထက်တန်ဘိုး တိုးပွားလာအောင် လေ့လာသင်ယူနေပြီး အသစ် အသစ်သော ပညာရပ်များကို လေ့လာသင်ယူဖို့ ဝန်မလေးပါဘူး။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့လည်း လိုအပ်ပါတယ်။ ဘဝဟာ မပြီးဆုံးနိုင်တဲ့ တက္ကသိုလ်ပညာရေးတစ်ခုဆိုရင် လူသားတိုင်းသည် နေ့စဥ်နေ့တိုင်းမှာ အသစ်အသစ်သော သင်ယူမှုများကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၃) အစဥ်တစိုက် ကြိုးစားပါ

အများရှေ့ တစ်ပန်းသာ

ကြိုးစား အားထုတ်မှုရှိမှသာလျှင် အောင်မြင်မှု အသီးအပွင့်ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှု မရှိတဲ့သူများကတော့ ဘာအသီးအပွင့်ကိုမှ ရိတ်သိမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် မနာလိုစိတ်လည်း ကင်းဝေးဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လိုက်နှိုင်းယှဥ်နေမယ်ဆိုရင် အလကားပါပဲ။ ကိုယ့်အောင်မြင်မှုအတွက် အခြားသူကို ချနင်းလိုက်တဲ့ လုပ်ရပ်ကလည်း ကွီးတို့ရဲ့ အောင်မြင်မှုကို ရေရှည်တည်တံ့စေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြိုးစားဖို့လည်း လိုအပ်သလို ရိုးသားမှု အပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။

(၄) အချိန်ဖြုန်းခြင်း အကျင့်ကို ရှောင်ကြဥ်ပါ

အများရှေ့ တစ်ပန်းသာ

လူငယ်တော်တော်များ တိုးတက်မှုနှောင့်နှေးတာဟာ အချိန်ဖြုန်းနေမှု အချိန်မလေးစားမှုတို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်မယ်ဆိုရင် အချိန်တိုင်းဟာ ရွှေပါ။ ဒါကြောင့် အချိန်မဖြုန်းမိပါစေနဲ့။ ကြိုးစားသင့်သလောက်ကြိုးစားပါ။ နားသင့်သလောက်နားပါ။ မိမိရဲ့ အကြောက်တရားကို ကျော်လွှားပါ။ မိမိရဲ့အကြောက်တရားကို ကျော်လွှားနိုင်ခြင်းက အောင်မြင်ခြင်းရဲ့လမ်းစပဲဖြစ်ပါတယ်။ မိမိကြောက်သောအရာများကို တစ်ပတ်ကို တစ်ကြိမ်လောက် ကြိုးစားကာ ကျော်လွှားကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ သင်ကြောက်တဲ့အရာ ရှိမှာမဟုတ်တော့ပါဘူး။

(၅) မိမိကိုယ်ကိုယ် အထင်မသေးလိုက်ပါနဲ့

အများရှေ့ တစ်ပန်းသာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းစေတဲ့ အကြောင်းအရင်းများ များစွာရှိပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်ကို တော်တဲ့လူတစ်ယောက်ယောက်နဲ့ အမြဲလိုက်နှိုင်းယှဥ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကလည်း တဖြည်းဖြည်းကျဆင်းသွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်အမြင် သေးလာတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကိုယ် ပတ်ဝန်းကျင်က ဘယ်လိုထင်ထင် ဂရုကိုစိုက်မနေပါနဲ့။ ကိုယ့်ကိုယ် ဟိုလူက အထင်သေးသွားပြီလား မသိဘူးဆိုပြီး စိတ်ပူနေကာ သူတို့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့။ ကွီးတို့ရဲ့ အချိန်က ပိုတန်ဖိုးရှိပါတယ်။ အမှိုက်လို လူတွေအတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေကို အပုတ်မခံဘဲ ကိုယ့်ကိုယ်ကိုယ်လည်း အထင်အမြင် မသေးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါတယ်။ လူတိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဆိုသောအရာမှာ မွေးရာပါမဟုတ်ပါဘူး။ အချို့ကလည်း ငယ်စဉ်ကတည်းက မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ပြုစုပျိုးထောင်ခံကြရပါတယ်။ ဒါပေမဲ့ ကြီးလာမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လည်း ကြိုးစားယူနိုင်ပါတယ်။ မိမိလုပ်စရာရှိတဲ့အရာများကို လုပ်နိုင်တယ်လို့ တထစ်ချယုံကြည်ခြင်းအားဖြင့်လည်း အောင်မြင်မှုကို ဆွတ်ခူးရယူနိုင်ပါတယ်။

(၆) ဘယ်အရာမဆို အကောင်းဆုံးသာ လုပ်ဆောင်ပါ

အများရှေ့ တစ်ပန်းသာ

အများရှေ့ တစ်ပန်းသာချင်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်လံနှိုင်းယှဥ်ခြင်းက ကွီးတို့ကို စိတ်မောလူမောသာ ဖြစ်စေမှာပါ။ ဒါ့ကြောင့် ဘယ်သူ့ ဘယ်သူနဲ့မှ လိုက်လံ မနှိုင်းယှဥ်ပါနဲ့။ ကိုယ့်ကို အခြားသူတစ်ယောက်နဲ့ နှိုင်းယှဥ်ခံတာမျိုးကိုလည်း ဘယ်တော့မှ လက်မခံပါနဲ့။ လာပြီး နှိုင်းယှဥ်နေမယ်ဆိုရင်လည်း မကြိုက်ဘူးဆိုပြီး ပေါ်တင်ပြောလိုက်ပါ။ ဘယ်သူ့ ဘယ်သူရဲ့ မျက်နှာမှ မကြည့်ပါနဲ့။ ဘယ်အရာမဆို အကောင်းဆုံးသာ လုပ်ဆောင်ပါ။ အကောင်းဆုံး လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ကျေနပ်လာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုတိုးလာမှာပဲဖြစ်ပါတယ်။ ပြီးတော့ ကိုယ် စခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိ လျှောက်လှမ်းဖို့လည်း လိုအပ်ပါတယ်။ မိမိအစပြုခဲ့တဲ့လမ်းကို ပြီးဆုံးတဲ့အထိ လျှောက်လှမ်းတတ်ကြသူများက အောင်မြင်သူများပဲဖြစ်ပါတယ်။ လမ်းတစ်ဝက်မှာတင် လက်လျော့လိုက်မယ်ဆိုရင်တော့ အောင်မြင်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိစ္စတစ်ခုကို အစမပြုခင်ကတည်းက ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုအပ်ပါတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်လို့ မရပါဘူး။

ကွီးတို့ရော အရာရာမှာ အောင်မြင်နေဖို့အတွက် ဘယ်လိုမျိုး ကြိုးစားအားထုတ်လေ့ရှိပါသလဲ။

Source: Forbes

Featured Image: Freepik