Honor ကနေ ဒီနေ့မှာ X50i+ လို့ နာမည်ပေးတဲ့ စမတ်ဖုန်းသစ်တစ်လုံး မိတ်ဆက်လာခဲ့ပါတယ်။ Honor X50i+ ဖုန်းမှာ 108 MP Main ကင်မရာ ထည့်သွင်းပေးထားပြီး ပေါ့ပါးတဲ့ ကိုယ်ထည် ၊ သက်သာတဲ့ ဈေးနှုန်းနဲ့ ထွက်ရှိလာတာပါ။

Honor X50i+

Photo : GSMArena.com

Honor X50i+ ဖုန်းမှာ ကြီးမားကျယ်ပြန့်တဲ့ ၆.၇ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး Full HD+ Resolution နဲ့ 90 Hz Refresh Rate အထိ ထောက်ပံ့ပေးထားပါတယ်။ ရှေ့ဘက်မှာတော့ ဘဲဥပုံ Oval Cutout အတွင်းမှာ 8MP ဆယ်လ်ဖီကင်မရာ ၁ လုံး တပ်ဆင်ပေးထားပါတယ်။ ကျောဘက်ရဲ့ ကင်မရာ တပ်ဆင်မှုပုံစံက တော်တော်လေးထူးခြားပြီး စက်ဝိုင်းပုံ ကင်မရာ Island အတွင်းမှာ f/1.75 Aperture ပါတဲ့ 108 MP Main ကင်မရာ နဲ့ 2 MP Depth Sensor ကင်မရာ ၂ လုံးကို Flash မီး ၁ လုံးနဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။

Honor X50i+ မှာ Mediatek ရဲ့ Dimensity 6080 Chipset ကို မောင်းနှင်ထားပြီး 12 GB RAM နဲ့ 256/512 GB Storage တို့ ပါဝင်ပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 13 အခြေပြု MagicOS 7.2 ကို အသုံးပြုထားပါတယ်။

Honor X50i+

Photo : Gizchina.com

ဖုန်းရဲ့ ကိုယ်ထည်အထူက ၆.၇၈ မီလီမီတာ သာရှိတာကြောင့် အတော်လေးပါးလွှာပြီး အလေးချိန်အားဖြင့်လည်း ၁၆၆ ဂရမ်သာ ရှိပါတယ်။ ဒါကြောင့် Honor X50i+ ဟာ အခုနှစ် ၂၀၂၃ ခုနှစ်မှာ ထွက်ရှိခဲ့သမျှထဲမှာ ပါးလွှာပြီး အပေါ့ပါးဆုံး စမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။

ဘက်ထရီ ပမာဏအနေနဲ့ကတော့ 4,500 mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး 33W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ Honor X50i+ ဖုန်းကို တလက်လက်ထနေတဲ့ ကျောဘက်ဒီဇိုင်းပါတဲ့ Powder Gold နဲ့ Light Blue ၂ ရောင် ထုတ်ထားပြီး ရိုးရိုးဗြောင် ကျောဘက်ဒီဇိုင်း Black နဲ့ Green ဆိုပြီး စုစုပေါင်း ၄ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Honor X50i+

Photo : GSMArena.com

Honor X50i+ ရဲ့ ဈေးနှုန်းတွေကတော့ 256 GB ဗားရှင်းအတွက် ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၂၀ ) ခန့် ကျသင့်မှာဖြစ်ပြီး 512 GB ဗားရှင်းအတွက် ယွမ် ၁,၇၉၉ (ဒေါ်လာ ၂၄၅ ) ခန့်နဲ့ တရုတ်နိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Gagadget.com