ကွီးတို့ရဲ့ ကန့်သတ်ဧရိယာဖြစ်တဲ့ ဖွားဖက်တော် နဲ့ ဖွားဖက်တော်တစ်ဝိုက် သန့်ရှင်းရေးကို သေချာဂရုစိုက် ဖြစ်ပါရဲ့လား။ အကြမ်းအားဖြင့် လူတော်တော်များများက တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်သော်လည်း ကန့်သတ်ဧရိယာတစ်ဝိုက်ကို အလေးပေးပြီး သန့်ရှင်းရေး ပြုလုပ်ဖို့ သတိမမူမိကြပါဘူး။ ကွီးတို့ရဲ့ ကန့်သတ်ဧရိယာက ညစ်နွမ်းနေရင်တော့ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
Photo : Mars by GHC
ကန့်သတ်ဧရိယာတစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးခြင်းမရှိပါက အနံ့အသက်ဆိုးများ ထွက်လာနိုင်ပြီး၊ လိင်တံနာကျင်ခြင်း၊ အရေပြားနီခြင်း၊ ပိုးဝင်နိုင်ခြင်း၊ ဘတ်တီးရီးယားများ ပေါက်ဖွားနိုင်ခြင်း နဲ့ အရေပြားယားယံခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။ ထိုမှတဆင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်လာပြီး လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများဖြစ်ပွားနိုင်ခြေ များပါတယ်။ ဒါ့အပြင် အချိန်မီ မကုသပါက မတွေးရဲ့စရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကန့်သတ်ဧရိယာတစ်ဝိုက် သန့်ရှင်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်စေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
Photo : MensXP
(၁) ပုံမှန် တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်တဲ့အခါမှာ ကန့်သတ်ဧရိယာတစ်ဝိုက်ကိုလည်း ထည့်သွင်းပြုလုပ်ခြင်းဖြင့် ဘက်တီးရီးယားများ ပေါက်ဖွားခြင်းကို ရှောင်ရှားနိုင်ပြီး လိင်တံမှ ထွက်လာသော အနံ့ဆိုးများကို လျှော့ချနိုင်ပါတယ်။
(၂) လိင်အင်္ဂါကို တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် လိင်အင်္ဂါအတွက် ထုတ်ထားသော နူးညံ့သော သန့်စင်ဆေးရည်ဖြင့်လည်းကောင်း၊ ရေနွေးနွေးဖြင့်လည်းကောင်း ဆေးကြောနိုင်ပါတယ်။ ဆေးကြောရာမှာ ဖွားဖက်တော်နဲ့တစ်ဝိုက်ကို အရမ်းပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ ထိခိုက်လွယ်တာကြောင့် ဖြစ်ပါတယ်။
(၃) လိင်တံနဲ့ ဧရိယာတစ်ဝိုက်ကို ဆေးကြောသန့်စင်ပြီးနောက် အဝတ်အစားမဝတ်မီ လုံးဝခြောက်သွေ့အောင် သေချာအောင်လုပ်ထားသင့်ပါတယ်။ ပေါင်ခြံကဲ့သို့သော နေရာများမှာ များသောအားဖြင့် ပူနွေး စိုစွတ်နေလျှင် ဘက်တီးရီးယားများပေါက်ဖွားရန် အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ ဘက်တီးရီးယားပိုးများ ရှိနေခြင်းကြောင့် အနံ့ဆိုးများ နှင့် အရေပြား ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထိုနေရာတစ်ဝိုက်ကို ညင်သာစွာ ပုံမှန်ဆေးကြောပြီး သေချာခြောက်သွေ့အောင်ထားပါ။
(၄) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် လိင်ဆက်ဆံတိုင်း ကွန်ဒုံး (အကာအကွယ်) ကို အသုံးပြုပါ။ လိင်ဆက်ဆံပြီးနောက် လိင်တံကို သန့်ရှင်းရေး ပြုလုပ်ပါ။
(၅) အတွင်းခံများ နေ့စဉ်လဲလှယ် ဝတ်ဆင်ရန် အရေးကြီးပြီး သန့်ရှင်းသော၊ သက်တောင့်သက်သာရှိသော အတွင်းခံများကို ရွေးချယ် ဝတ်ဆင်ပါ။
(၆) လိင်တံက ယားယံနေတာ၊ မူမမှန်တဲ့ လက္ခဏာတွေ ခံစားနေရရင် အမြန်ဆုံး ဆရာဝန်နဲ့ ပြသပြီး လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ရှောင်ရှားပါ။
Photo : Men’s Health
ကွီးတို့ရေ ကန့်သတ်ဧရိယာက ညစ်နွမ်းနေရင်တော့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအတွက်သာမက၊ ကျန်းမာရေးအတွက်ပါ လုံးဝကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို သတိပြုလိုက်နာပြီး လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးလုပ်ဆောင်တဲ့ အလေ့အကျင့်ကို မွေးမြူကာ အမြဲကျင့်သုံးသွားပါ။ သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်နေလျက်သားနဲ့ လိင်တံမှာ မူမှန်တာခံစားရတာ၊ နာကျင်တာ၊ ယားယံတာမျိုး ဖြစ်လာလျှင် လိင်အင်္ဂါနဲ့ ပတ်သတ်တဲ့ အခြားသော ကျန်းမာရေး ပြဿနာများလည်း ဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ ဒါမှသာ မတွေးရဲစရာ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေများကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေပါလိမ့်မယ်။
Source : Medical News Today
Featured Photo : Men’s Health