ကျွန်တော်တို့ ယောကျာ်းလေးတွေအပေါ် မိန်းကလေး တွေရဲ့ အထင်ကြီးလေးစားမှု ၊ သဘောကျ နှစ်သက်ပုံတွေက ဆန်းကြယ်ပါတယ်။ အများစုကတော့ ရုပ်ချောမှ ၊ ချမ်းသာမှ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ရမယ်လို့ ထင်ကြတာပါ။ တကယ်တော့ ဒါဟာ အပြည့်အဝ မမှန်ပါဘူး။ တချို့ မိန်းကလေးတွေအတွက် အတိုင်းအတာတစ်ခုအထိ မှန်ကောင်းမှန်နိုင်ပေမယ့် မိန်းကလေးအများစု တကယ်သဘောကျနှစ်သက်တာက ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ်ပိုင်အရည်အချင်းတွေပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လို ယောကျာ်းလေးတွေကို မိန်းကလေးတွေ အမှန်တကယ် သဘောကျလဲဆိုတာ ပြောပြပေးပါမယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောကျာ်း
Photo : PhotographyCourse.net
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စွမ်းအားမြင့်မားတဲ့ ယောကျာ်းတွေကို မိန်းကလေးတိုင်း သဘောကျ နှစ်သက်ကြပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသားတွေဟာ အရာရာမှာ ဦးစီးဦးဆောင် ပြုနိုင်ကြပါတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာပြီး ပြတ်သားတဲ့ ခံယူချက်နဲ့ ရပ်တည်ရှင်သန် နေကြသူတွေပါ။ ဒီအချက်တွေကပဲ မိန်းကလေး တွေအတွက် အားကိုးအားထား ပြုချင်စရာ ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောကျာ်းလေးတွေက မိန်းကလေးရဲ့ နှလုံးသားကို အမှန်တကယ် လှုပ်ကိုင်နိုင်သူတွေ ဖြစ်ပါတယ်။
(၂) တစ်ဖက်လူအပေါ် စာနာစိတ်နဲ့ စဉ်းစားပေးတက်တဲ့ ယောကျာ်း
Photo : Always Flourishing Photography
ကိုယ်ချင်းစာတရားနဲ့ စာနာစိတ်ဟာ လူသားအဆန်ဆုံး စိတ်နေစိတ်ထား တစ်ခုပါပဲ။ မိန်းကလေး တော်တော်များများက ဒီလို တစ်ဖက်လူအပေါ် စာနာစိတ်နဲ့ စဉ်းစားပေးတက်တဲ့ ယောကျာ်းလေးတွေကို သဘောကျကြ နှစ်သက်ကြပါတယ်။ မိန်းကလေး တွေကတော့ တစ်ကိုယ် ကောင်းမဆန်ပဲ သူ့ဘက်ကိုယ်ဘက် စဉ်းစားပေးတက်တဲ့ အမျိုးသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြပါသတဲ့။
(၃) ပျော်ပျော်နေတက်ပြီး ဟာသဉာဏ်ရှိတဲ့ ယောကျာ်း
Photo : Motherly
ပျော်ပျော်နေတက်တဲ့ ယောကျာ်းလေးတွေဟာ သူတို့ကိုယ်တိုင်လည်း ပျော်အောင်နေသလို ဘေးနားကလူတွေကို ပျော်ရွှင်မှုတွေ လက်ဆင့် ကမ်းပေး တက်ကြပါတယ်။ လူတွေကို ပျော်အောင်လုပ်ပေးနိုင်တယ် ၊ ဟာသဉာဏ်ရွှင်တယ် ဆိုတာဟာ တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ နောက်တစ်ခုက ဟာသဉာဏ်ရွှင်သူတွေဟာ အသိပညာကြွယ်ဝသလို ဉာဏ်ရည်ဉာဏ်သွေးလည်း မြင့်မားကြပါတယ်။ ဒါကြောင့်လည်း သူတို့ကို ရယ်မောပျော်ရွှင်အောင်ထားနိုင်တဲ့ ဟာသဉာဏ်ရွှင်သူတွေကို မိန်းကလေး တွေ အထူးတလည် စိတ်ဝင်စားကြပါတယ်။
(၄) အနုပညာကို ခံစားနားလည်တက်တဲ့ ယောကျာ်း
Photo : The Adventure Challenge
အနုပညာကို ခံစားနားလည်တက်ပြီး တန်ဖိုးထားတက်တဲ့ ယောကျာ်းတွေဟာ ဖန်တီးနိုင်စွမ်းကောင်းသလို တခြားသူတွေထက်လည်း ထူးခြားပါတယ်။ နူးညံ့သိမ်မွေ့မှုနဲ့ စိတ်အားထက်သန်မှုပိုင်းတွေမှာလည်း အားကောင်းကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရိုမန်တစ်ဆန်ဆန် အချစ်ကိုပုံဖော်တက်ကြပြီး သူတို့ချစ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် တန်ဖိုးထားမှု ၊ ဂရုစိုက်ကြင်နာမှုတွေကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြသတက်တာကြောင့် အနုပညာအရည်အသွေးရှိတဲ့ ယောကျာ်းလေးတွေဟာ မိန်းကလေး တွေအတွက် ကြွေချင်စရာ ဖြစ်နေပါတယ်။
Featured Photo : LovePanky