Relationship တစ်ခုကို တည်ဆောက်ထားပြီ ဆိုရင် လူတိုင်း အဆင်ပြေပျော်ရွှင်ချင်ကြတာချည်းပါပဲ။ သို့သော်လည်း သဘောထားကွဲလွဲတာမျိုး၊ အခက်မသင့်လို့ စကားပြော အဆင်မပြေဘဲ ကတောက်ကဆ ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့စိတ်ကို နားမလည်ဘဲ သူတို့ကို ဝမ်းနည်းအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ပင်ပန်းအောင် လုပ်မိတတ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေ သမီးရည်းစားပုံမှန် ငြင်းခုန်စကားများတာကြောင့်လည်း ကောင်မလေး စိတ်ကောက်သွားတာမျိုးလည်း ကြုံဖူးမှာပါ။ ဒီလို အခြေအနေမျိုးမှာ ကွီးတို့က ပြန်ပြေလည်ချင်ပေမယ့် ကောင်မလေး စိတ်ပြေအောင် မချော့တတ်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါ။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကောက်စိန်လေးကို ချော့ဖို့ ခေါင်းစားနေတဲ့ ကွီးတို့အတွက် နည်းလမ်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ပြေလည်ဖို့အတွက် ကိုယ့်ဘက်ကစတင်လိုက်ပါ
Photo : LoveDevani.com
ကွီးတို့ရဲ့ ချစ်ရသူလေး စိတ်ဆိုးနေပြီဆိုရင် ကွီးတို့အနေနဲ့ ကိုယ့်ဘက်ကစတင်ပြီး စကားပြောဖို့၊ ပြေလည်ဖို့ရာ ဝန်မလေးပါနဲ့။ သူမရဲ့ စိတ်ဆိုးစိတ်ကောက်ရတဲ့ အကြောင်းအရင်းကို မေးမြန်းပါ။ နားလည်မှုလွဲတာ၊ မှားတာရှိရင်လည်း ရှင်းပြပြီး တောင်းပန်လိုက်ပါ။ ဒီလို အလေးအနက်ထားပြီး ကိုယ့်ဘက်က ချော့ဖို့စတင်တာက သူမအပေါ် ကိုယ်ထားရှိတဲ့ တန်ဖိုးထားမှုနဲ့ လေးစားမှုကို ပြသရာရောက်တဲ့ အလျော့ပေးခြင်း တစ်မျိုးပါပဲ။ ဒါ့အပြင် ကိုယ့်ဘက်က သူမနဲ့ပြန်အဆင်ပြေချင်တဲ့ စိတ်ရင်းကို ပြသပေးရင် သူမဘက်ကလည်း နားလည်သဘောပေါက်ပါလိမ့်မယ်။
ပွေ့ဖက်ပါ
Photo : HerWay.Net
မိန်းကလေး တော်တော်များများအတွက် ပွေ့ဖက်ခြင်းနှင့် ချိုမြိန်သော အနမ်းများက ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေပါတယ်။ ဒေါသထွက်ပြီး စိတ်ကောက်နေတဲ့အချိန်မှာ ဘာမှမပြောပဲဖြစ်စေ၊ ပြေရာပြေကြောင်း စကားလေးတွေဆိုရင်း ဖြစ်စေ၊ သူမကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားလိုက်ပါ။ ဒီလို ပွေ့ဖက်ထားခြင်းက သူမစိတ်ကို တည်ငြိမ်စေတဲ့အပြင် အကောင်းဆုံး ချော့နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။
ရယ်မော ပျော်ရွှင်မှုကို ခံစားစေပါ
Photo : WordPress.com
ကွီးတို့ ကောက်စိန်လေးကို ချော့ ဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ သူမကို ရယ်မောအောင် ပြုလုပ်တာပါပဲ။ ဟာသ ဆိုတာ ဘယ်လို ပေါင်းသင်းဆက်ဆံရေး အတွက်မဆို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါက ကွီးတို့ရဲ့ ချစ်သူလေး စိတ်ကောက်နေရာမှ သူ့မရဲ့အာရုံ ကွီးဆီ ပြန်ရောက်ဖို့ အစွမ်းထက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူမက ကွီးတို့ကို ဒေါသထွက်နေချိန်မှာတောင် ရယ်စရာကောင်းတဲ့ ဟာသလေးတွေ၊ အမူအရာလေးတွေကို ပြုလုပ်ပါ။ ဒါဟာသူမကို ရယ်မောစေပြီး ကွီးတို့ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေဖို့ ကူညီပေးပါလိမ့်မယ်။
သူမအပေါ် ချစ်ကြောင်း အလေးထားကြောင်း ပြသပါ
Photo : 1-800-Flowers.com
ကိုယ် အမှန်တကယ်ချစ်တဲ့သူနဲ့ ဘယ်သူမှတော့ အချိန်အကြာကြီး သဘောထား ကွဲလွဲချင်ကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြန်လည်ပြေလည်စေဖို့၊ သူမစိတ်ကောက်ပြေစေဖို့ သူမအပေါ် ဘယ်လောက်အလေးထားကြောင်း၊ ချစ်ကြောင်း ပြသလိုက်ပါ။ ဒါ့အပြင် သူမကို ပျော်ရွှင်သွားစေမဲ့ ပန်းစည်းလေးတွေ လက်ဆောင်ပေးရင်းချော့တာ၊ သူမကြိုက်တတ်တဲ့ အစားအစာလေးတွေ ဝယ်ကျွေးတာ၊ သူမကြိုက်တဲ့ ရုပ်ရှင်အတွက် လက်မှတ်ဖြတ်ပေးတာ စတဲ့ ဂရုစိုက်မှုလေးတွေကလည်း အမှန်တကယ် အလုပ်ဖြစ်တာ တွေ့ရပါလိမ့်မယ်။
ဒီနည်းလမ်းလေးတွေက ကွီးတို့ရဲ့ ကောက်စိန်လေးကို ချော့ဖို့ အမှန်တကယ်ကို အလုပ်ဖြစ်တာ တွေ့ရပါလိမ့်မယ်။ အခြားနည်းလမ်းကာင်းလေးတွေရှိရင်လည်း ညိုကီတို့အတွက် ဝေမျှပေးခဲ့ပါဦး။
Featured Photo : LoveDevani