လိင်မှုဆိုင်ရာ ကိစ္စတွေကို စိတ်ချလက်ချနဲ့ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်ဖို့ ကွန်ဒုံးတွေကို မဖြစ်မနေ သုံးကြရပါတယ်။ ကွန်ဒုံးတွေက ဈေးသက်သာသလို ရောဂါပိုးမွှားနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အကာအ ကွယ် တစ်ခုပါပဲ။ ကွန်ဒုံးလို့ ပြောရင် အဓိကအားဖြင့် အမျိုးသားသုံး ကွန်ဒုံးတွေကိုပဲ တော်တော်များများ သိကြပေမယ့် တကယ်တော့ အမျိုးသမီးသုံး ကွန်ဒုံး တွေလည်း ရှိပါတယ်။

female condoms

Photo : PATH

အမျိုးသမီးသုံး ကွန်ဒုံး ဆိုတာဟာလည်း HIV/AIDS နဲ့ Viral Hepatitis အပါအဝင် လိင်မှတဆင့်ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို ကာကွယ်ဖို့နဲ့ မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တာဆီးကာကွယ်ဖို့ အမျိုးသမီးတွေအတွက် သေချာဒီဇိုင်းထုတ်ထားတဲ့ သန္ဓေတားကိရိယာ အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးတွေနဲ့ မတူညီတာကတော့ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ အမျိုးသားတွေလို ပြင်ပကနေ လွယ်လွယ်ကူကူ ဝတ်ဆင်ပြီး အသုံးပြုရတာမျိုးမဟုတ်ပဲ လိင်မဆက်ဆံမီ မိန်းမကိုယ်အတွင်းသို့ ကြိုတင်ထည့်ထားရမှာ ဖြစ်ပါတယ်။ ၎င်းက လိင်ဆက်ဆံမှုပြုတဲ့အခါမှာ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ မျိုးဥဆီကို မရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် ကူညီပေးပါတယ်။

အမျိုးသမီးသုံး ကွန်ဒုံးတွေနဲ့ ပတ်သတ်ပြီးတော့ လူတော်တော်များများ သံသယရှိတာ ၊ စိတ်ပူတာတွေ ဖြစ်ကြပါတယ်။ အဓိကအားဖြင့် အမျိုးသမီးအင်္ဂါ  / မိန်းမကိုယ်အတွင်းကို ထည့်သွင်းအသုံးပြုရတာ ဖြစ်တာကြောင့် မိန်းမကိုယ်/ယောနိ ထိခိုက်မှုရှိနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဒီပစ္စည်းကို သုံးဖို့ တွန့်ဆုတ်ကြပါတယ်။ တကယ်တော့ အမျိုးသမီးသုံး ကွန်ဒုံးကို စနစ်တကျဝတ်ဆင်ပြီး နည်းမှန်လမ်းမှန် အသုံးပြုမယ်ဆိုပါက မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ရာမှာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

female condoms

Photo : Flo app

ဆက်လက်ပြီး အမျိုးသမီးသုံး ကွန်ဒုံးတွေရဲ့ ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်……….

  • ဆရာဝန်ဆေးစာမပါပဲ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရတယ်။
  • ကိုယ်ဝန်ဆောင်စဉ် ၊ မီးဖွားစဉ်နဲ့ ဓမ္မတာလာချိန်တွေမှာပင် ဘေးကင်းစိတ်ချမှုရှိရှိ အသုံးပြုနိုင်တယ်။
  • မလိုလားအပ်တဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ရာမှာ အမျိုးသမီးသုံး ကွန်ဒုံး တွေက အရမ်းကို ထိရောက်မှုရှိတယ်။
  • လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကို ထိထိရောက်ရောက် ကာကွယ်ပေးတယ်။
  • Latex သားရေသားနဲ့ ထုတ်ထားတဲ့မဟုတ်ပဲ ပိုမိုနူးညံ့ပျော့ပြောင်းတဲ့ Material တွေကို အသုံးပြုထားတဲ့အတွက် မိန်းမကိုယ်ယားယံတာ ၊ ဓာတ်မတည့်တာတွေ မဖြစ်စေပဲ အဆင်ပြေချောမွေ့စွာ အသုံးပြုလို့ ရတယ်။
  • အမျိုးသမီးသုံး ကွန်ဒုံး တွေကို လိင်မဆက်ဆံမီ ၈ နာရီလောက် အလိုကတည်းက ကြိုတင်ဝတ်ဆင်ထားနိုင်တဲ့အတွက် အတူနေချိန်မှာ အလျင်စလို လုပ်ဖို့မလိုပါ။
  • ဆီအခြေခံ ၊ ရေအခြေခံ ချောဆီတွေနဲ့ တွဲအသုံးပြုနိုင်ပြီး ကွန်ဒုံးရဲ့အာနိသင် လျော့ကျစေခြင်း မရှိပါဘူး။
  • အမျိုးသမီးသုံး ကွန်ဒုံးတွေက အမျိုးသားသုံး ကွန်ဒုံးတွေထက် သက်တမ်းပိုကြာကြာခံနိုင်ပြီး နေရောင် သို့မဟုတ် စိုထိုင်းဆများတဲ့ နေရာတွေမဟုတ်ရင် ၅ နှစ်လောက်အထိ အထားခံတယ်။
  • အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ပြင်းထန်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ မဖြစ်စေပဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသမီးသုံး ကွန်ဒုံးတွေက အမျိုးသားသုံး ကွန်ဒုံးတွေထက်စာရင် အနည်းငယ်ပိုဈေးကြီးပြီး လိင်မဆက်ဆံခင် ကြိုတင်ထည့်သွင်းထားရတာ ဖြစ်တာကြောင့် အနည်းငယ် ကထိကထများတယ်လို့ ထင်ရပေမယ့်လည်း ဘေးကင်းစိတ်ချမှုကတော့ အပြည့်အဝ ရှိပါတယ်။

Featured Photo : Verywell Health