ဆောင်းရဲ့အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဒီဇင်ဘာလ ဟာ တစ်နှစ်တာအတွင်းမှာ ခရီးသွားလို့အကောင်းဆုံး လတစ်လပါပဲ။ ဒီဇင်ဘာလထဲမှာက အားလပ်ရက် ပိတ်ရက်တွေလည်း များသလို ရာသီဥတု အနေအထားကလည်း ခရီးသွားဖို့ အကောင်းဆုံးမှာ ရှိနေပြီး နှစ်သစ်တစ်နှစ်ကိုကူးပြောင်းခါနီး အချိန်လည်းဖြစ်တာကြောင့် ဒီလထဲမှာ ခရီးသွားဖို့ စဉ်းစားထားတယ် ဆိုရင်တော့ အခုပြောပြမယ့် နေရာလေးတွေကို သေချာပေါက် သွားရောက်လည်ပတ်ဖို့ ညွှန်းပေးလိုက်ပါတယ်။
(၁) လာအို
Photo : Forbes
လာအိုနိုင်ငံကတော့ ဒီဇင်ဘာလ ထဲခရီးသွားဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ရာသီဥတုကလည်း အပူချိန်လျော့ပြီး မိုးရွာနိုင်ခြေ နည်းသလို အေးစိမ့်စိမ့်နဲ့ ခရီးသွားလို့ အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ လာအိုနိုင်ငံမှာ သွားရောက်လည်ပတ်စရာ ရှေးခေတ်သမိုင်းဝင် နေရာတွေ အများကြီးတည်ရှိနေပြီး အထင်ကရ မဲခေါင်မြစ်ကမ်းတစ်လျှောက်က အနားယူအပန်းဖြေစရာ နေရာတွေကိုလည်း သွားရောက်လည်ပတ် နိုင်ပါတယ်။ လာအိုနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် UNESCO စာရင်းဝင် လွမ်ပရာဘန်းကိုလည်း သွားရောက်နိုင်ပြီး ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်ပွဲတော်တွေ ၊ ဘုရားကျောင်းတွေနဲ့ ရှေးခေတ်ကိုလိုနီ အဆောက်အအုံတွေ ၊ စည်းကားလှတဲ့ ဈေးဆိုင်တန်းတွေကို အလည်အပတ်သွားရောက် နိုင်ပါတယ်။
(၂) သီရိလင်္ကာ
Photo : Pickyourtrail.com
ဒီဇင်ဘာလ ထဲမှာ ခရီးသွားလို့ အကောင်းဆုံး နောက်ထပ်နေရာ တစ်ခုကတော့ သီရိလင်္ကာနိုင်ငံပါ။ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အလှဆုံးသော သဲဖြူကမ်းခြေတွေကစလို့ ရှေးဟောင်း အထင်ကအရ အပျက်အစီး နေရာတွေနဲ့ ကျယ်ပြောလှတဲ့ အမျိုးသားဥယျာဉ်တွေအဆုံး သွားရောက်လည်ပတ်စရာနေရာတွေ အင်မတန်များပြား လှပါတယ်။ သီရိလင်္ကာနိုင်ငံဟာ UNESCO ကမ္ဘာ့အမွေအနှစ် အဆောက်အအုံတွေ ၊ စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းနေရာတွေ ၊ မတူကွဲပြားတဲ့ ရှုခင်းအလှတွေ ပြည့်နှက်နေပြီး စစ်မှန်တဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုလည်း အများကြီး လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။
(၃) ကမ္ဘောဒီးယား
Photo : Harbor Property
ကမ္ဘောဒီးယားဟာ ဒီဇင်ဘာလ အတွင်းမှာ အပူချိန် ပျမ်းမျှအားဖြင့် ၂၀ ဒီဂရီဆဲစီးယပ် ဝန်းကျင်မှာသာ ရှိပါတယ်။ နေ့အချိန်အတွင်း အပူချိန်လျော့ပြီး ညဘက်မှာ ပိုအေးပါတယ်။ ဒါကြောင့် ဒီရာသီဟာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးသွားလို့ အကောင်းဆုံးပါ။ Sihanoukville နဲ့ Kep အပါအဝင် အေးချမ်းတဲ့ တောင်ပိုင်းကမ်းရိုးတန်းနေရာတွေကို သွားရောက်လည်ပတ်နိုင်သလို နွေးထွေးခြောက်သွေ့တဲ့ ပင်လယ်ကမ်းတန်းတစ်လျှောက် ရေငုပ်ခြင်း ၊ Snorkelling လုပ်ခြင်းစတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စွန့်စွန့်စားစား လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ Koh Rong ကျွန်းကတော့ လှပတဲ့ အဏ္ဏဝါကောင်လေးတွေနဲ့ အထူးခြားဆုံး ပင်လယ်ကြီးရဲ့အလှတွေကို ခံစားနိုင်မယ့် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
(၄) ယူဂန်ဒါ
Photo : AwayGoWe
ယူဂန်ဒါနိုင်ငံကတော့ မိုးအကုန် ဆောင်းအကူးကာလ ဒီဇင်ဘာလ ထဲမှာ သွားရောက်လည်ပတ်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ စိမ်းစိုလန်းဆန်းတဲ့ သဘာဝ တောတောင်ရှုခင်း အလှတွေနဲ့ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေကို စိတ်ဝင်စားသူတွေအဖို့ လေ့လာစူးစမ်းလို့အကောင်းဆုံး နေရာတွေထဲက တစ်ခုပါ။ Bwindi အမျိုးသားဥယျာဉ် ၊ Queen Elizabeth အမျိုးသားဥယျာဉ်တို့လို ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်း အလှတွေနဲ့ အနားယူ အပန်းဖြေစရာနေရာတွေ အများကြီးရှိပြီး ထူးခြားတဲ့ ငှက်မျိုးစိတ်တွေ အများအပြားကိုလည်း လေ့လာခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Royal Embassy of Cambodia