၂၀၂၃ ခုနှစ်ကို လက်ပြနှုတ်ဆက်ရမယ့် အချိန်ရောက်လာပါပြီ။ ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့အားလုံး အခက်အခဲတွေ ကိုယ်စီနဲ့ အကြိမ်ကြိမ် စိတ်ဓာတ်ကျပြီး လဲပြိုခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိခဲ့ကြမယ် ထင်ပါတယ်။ သေချာတာကတော့ အခုချိန်မှာ သင်ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်စရာ ဒါမှမဟုတ် မွန်းကြပ်ပူလောင်ရတာတွေကို အကောင်းဆုံး အဆုံးသတ်ပြီး သင့်ကိုယ်သင် ပြန်လည်ရှာဖွေဖို့ပါပဲ။ စိတ်ဝိညာဉ်ကို ပြန်လည်ကုစားခြင်းဟာ သင့်စိတ်နဲ့ခန္ဓာကိုယ်ကို ပြန်လည်ချိတ်ဆက်ပေးနိုင်ရုံမက Productivity ကိုလည်း တိုးမြှင့်လာစေပြီး အကောင်းဆုံးဆိုတဲ့ ခံစားမှုတွေကို ပြန်ပြီး ခံစားရရှိနိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ လဲပြိုနေတဲ့ စိတ်ဓာတ် တွေကို အကောင်းဆုံး ကယ်တင်နိုင်ဖို့အတွက် သင့်စိတ်ကိုသင် ဘယ်လိုအနားပေးမရလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့
Photo : Inc. Magazine
စိတ်ဓာတ်တွေ လဲပြိုနေတဲ့ အခြေအနေကနေ အကောင်းဆုံး ပြန်လည်ရုန်းထနိုင်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်နေတဲ့ အတွေးတွေကို ရှောင်ရှားဖို့ပါပဲ။ ပြီးခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပြီး ပူဆွေးသောကရောက်နေမယ့်အစား အကောင်းဆုံး ပြန်လည်ပြင်ဆင်ဖို့ကိုပဲ နည်းလမ်းရှာသင့်ပါတယ်။ လူတိုင်းအမှားအယွင်းတွေဆိုတာ ရှိကြစမြဲမို့ အခုချိန်မှာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မှန်ကန်တဲ့လုပ်ရပ်တွေကို ပြန်လည်လုပ်ဆောင်သွားဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။
(၂) ဆိုရှယ်မီဒီယာတွေနဲ့ အဆက်ဖြတ်ပါ
Photo : Mahabis
သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဆိုရှယ်မီဒီယာတွေကိုလည်း ခဏလောက် အဆက်ဖြတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဆိုရှယ်မီဒီယာတွေဟာ သင့်စိတ်ကို အာရုံပြောင်းစေပြီး လက်ရှိပစ္စုပ္ပန်နဲ့ ဝေးရာသို့ ဆွဲခေါ်သွားနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့အတွေးတွေ ၊ အချိန်တွေကို ဒီအရာတွေအပေါ်မှာပဲ နစ်မွန်းမနေစေပဲ သင့်စိတ်ကို အဆိပ်အတောက်ကင်းတဲ့ ရပ်ဝန်းတစ်ခုမှာ အကောင်းဆုံး ပြန်လည်ရှင်သန်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
(၃) မတူညီတဲ့ ခြေလှမ်းအသစ်တွေ စတင်ပါ
Photo : Gentleman Within
ထပ်တလဲလဲဖြစ်နေတဲ့ နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်တွေဟာ ငြီးငွေ့စရာကောင်းပြီး သင့်စိတ်ကို ပြန်လည်ရွှင်လန်းတက်ကြွစေဖို့အတွက် အတားအဆီး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ဆို သင့်ကို အမှန်တကယ် ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုဖြစ်စေမယ့် ဝါသနာဟောင်းလေးတွေနဲ့ ပြန်လည်ချိတ်ဆက်တာ သို့မဟုတ် အသစ်အဆန်းတစ်ခုခုကို စတင်သင်ယူဖို့ စဉ်းစားသင့်ပါတယ်။ နေ့စဉ်တူညီတဲ့ အရာတွေထဲက ခွဲထွက်ပြီး မတူညီတဲ့ ခြေလှမ်းအသစ်တွေ စတင်လိုက်တဲ့အခါမှာ သင့်ရဲ့ဘဝထဲက မွန်းကြပ်မှုနဲ့ ပင်ပန်းစရာတွေဟာ သိသိသာသာ လျော့ပါးသက်သာသွားတာကို ခံစားမိစေမှာ အသေအချာပါပဲ။
(၄) နေရာသစ်တစ်ခုကို သွားရောက်ပါ
Photo : Elite Daily
အဓိကအားဖြင့် မွန်းကြပ်စရာကောင်းတဲ့ နေထိုင်မှုပုံစံထဲက ကွဲထွက်စေဖို့ နေရာသစ်တစ်ခုကို သွားရောက်လိုက်တာဟာ အကောင်းဆုံး စိတ်အပန်းပြေစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိုးစိမ်းလန်းဆန်းတဲ့ တောတောင်ရှုခင်းတွေ ရှိတဲ့နေရာ ၊ မြို့ပြရဲ့ မွန်းကြပ်ရှုပ်ထွေးမှုတွေနဲ့ အဝေးဆုံးနေရာ ၊ သာယာလှပတဲ့ သဘာဝတရားကြီးနဲ့ ချိတ်ဆက်လို့ရမယ့် အကောင်းဆုံးနေရာလေးတွေကို ခရီးထွက်လိုက်တာဟာ သင့်စိတ်ကို အကောင်းဆုံး အပန်းပြေမှု ရရှိစေမှာဖြစ်သလို အကောင်းမြင်စိတ်နဲ့ စိတ်ခံစားမှုကိုလည်း သိသိသာသာ တိုးတက်လာစေတာကို ခံစားရမှာ ဖြစ်ပါတယ်။
Source : Style Standard
Featured Photo : Inc. Magazine