ပီအက်စ်ဂျီ တိုက်စစ်မှူး အမ် ဘာပေ ဟာ အခုလာမယ့် နွေရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွေ့ဖို့ သဘောတူလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာကတည်းက လာလီဂါအသင်းထံပြောင်းရွေ့ဖို့ကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ သက်တမ်းထပ်တိုး ခဲ့တာပါ။

အခုလက်ရှိ Foot Mercato ရဲ့ ဖော်ပြချက်အရတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီလို့ ဆိုပါတယ်။ ဘာပေဟာ လက်ရှိ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိလာနေပါပြီ။ ဆိုလိုတာကတော့ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နှစ်သက်ရာ အသင်းတစ်သင်းသင်းကို ပြောင်းရွေ့ဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမှာ ရှိပါတယ်။

Kylian Mbappe

Photo : Goal.com

စပိန်ဘီလူးကြီးတို့ကတော့ ဘာပေအား သူတို့အသင်းထံ ပြောင်းရွေ့မရွေ့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလလယ် နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ သတ်မှတ်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရီးရဲလ်တို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ အားကစားဆိုင်ရာ အခြေအနေအသစ်တွေကြောင့် အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကိုသာ ဦးစားပေးအာရုံစိုက်နေရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ကမ်းလှမ်းခဲ့ဖူးတဲ့ လုပ်ခလစာနှုန်းထားမျိုးနဲ့ ကမ်းလှမ်းနိုင်တဲ့ အနေအထားမှာ ရှိမနေပါဘူး။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ဘာပေကို ခေါ်ယူနိုင်ရေးအတွက် အစွမ်းကုန်ပြင်ဆင်နေတာဖြစ်ပြီး သူတို့ရဲ့ လုပ်ခလစာပမဏပေးချေမှု အတိုင်းအတာမှာ အရေးပါတဲ့ ခြွင်းချက်တစ်ခုကို လုပ်ထားတဲ့အတွက် ဘာပေကိုသာ ခေါ်ယူဖြစ်မယ်ဆိုရင် ပြင်သစ်သားဟာ အသင်းမှာ လုပ်ခလစာအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းကလိုပဲ လက်ရှိမှာ အမ်ဘာပေကို ခေါ်ယူနိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုထားပြီး ဒါဟာ ရီးရဲလ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပီရက်ဇ်နဲ့ ဘာပေတို့ကြားမှာလည်း အချိန်အတော်ကြာ တိုက်ရိုက်အဆက်အသွယ် ရှိနေခဲ့တာဖြစ်ပြီး သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေရဲ့ ပြောကြားချက်အရ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားလိုကြောင်း ပီရက်ဇ်ကို အမြဲပြောခဲ့တယ်လို့ သိရပါတယ်။

Kylian Mbappe

Photo : Goal.com

အခုအချိန်မှာတော့ ဘာပေ အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ခေါင်းငြိမ့်တော့မှာလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်ကတော့ အပြောင်းအရွေ့ကို မြန်နိုင်သမျှ မြန်မြန်လုပ်စေချင်ပုံရပြီး ဒါကို ဘာပေ ကိုယ်တိုင်လည်း သိနေပါတယ်။ ပြင်သစ်က သတင်းရင်းမြစ်တွေအရတော့ ဘာပေဟာ ဖေဖော်ဝါရီလလယ် ချန်ပီယံလိဂ်မစခင်မှာ ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

ရီးရဲလ်အနေနဲ့ ဘာပေ ဘယ်လမ်းကိုရွေးချယ်မယ်ဆိုတာနဲ့ ပတ်သတ်ပြီး သံသယများစွာရှိနေပြီး ပီအက်စ်ဂျီနဲ့ ယှဉ်ပါက သူတို့ပေးနိုင်တဲ့ လုပ်ခလစားဟာ သိသိသာသာ ကွာဟမှုရှိနေတာကိုလည်း သိနေပါတယ်။ ဒါကြောင့် ဘာပေရဲ့ အပြီးသတ် ဆုံးဖြတ်ချက်က Yes ဖြစ်မလား No ဖြစ်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Featured Photo : Football Transfers