အာဂျင်တီးနား ဘောလုံးအကျော်အမော် လီယွန်နယ် မက်ဆီ ကတော့ အသက် ၇၈ နှစ်အရွယ်မှာ ကြွေလွင့်သွားခဲ့တဲ့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် ဂန္ထဝင်နောက်ခံ ကစားသမားကြီး ဖရန့် ဘက်ကင်ဘောင်ဝါ အတွက် ဂုဏ်ပြုနှုတ်ဆက်စကား ဆိုလိုက်ပါတယ်။
Photo : Marca.com
“ ရှင်ဘုရင်ကြီး” လို့ နာမည်ပြောင်ရရှိထားတဲ့ ဘက်ကင်ဘောင်ဝါဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်သလို ဘောလုံးလောကအတွက်လည်း မမေ့နိုင်စရာ အမှတ်တရကောင်းများစွာကို ဖန်တီးပေးခဲ့သူပါ။
ဂျာမန်ဂန္ထဝင်ကြီး ဘက်ကင်ဘောင်ဝါဟာ ဦးနှောက်မှတ်ဉာဏ် ယို့ယွင်းမှုရောဂါ ၊ နှလုံးပြဿနာနဲ့ မျက်စိအမြင်အာရုံ တစ်ပိုင်းတစ်စ ပျောက်ဆုံးတဲ့ အခြေအနေတွေကို နှစ်အတော်တန်ကြာ ရင်ဆိုင်ခဲ့ရပြီး ကျန်းမာရေးအခြေအနေ တစ်စထက်တစ်စပိုဆိုးလာခဲ့ကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ကွယ်လွန်အနိစ္စ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဖရန့် ဘက်ကင်ဘောင်ဝါ ကွယ်လွန်ခဲ့တဲ့အပေါ် ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံး အထူးကြေကွဲဝမ်းနည်းခဲ့ကြရသလို GOAT ကြီး မက်ဆီကလည်း ဘက်ကင်ဘောင်ဝါရဲ့ ဓာတ်ပုံဟောင်းလေးတစ်ပုံနဲ့အတူ “ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ” ဆိုတဲ့ စာသားရေးသားပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတဆင့် နှုတ်ဆက်ဆုတောင်း စကားပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။
Photo : Sportskeeda
ဂျာမန်ဂန္ထဝင်ကြီး ဘက်ကင်ဘောင်ဝါဟာ အနောက်ဂျာမနီအသင်းနဲ့အတူ ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ အထူးခြားဆုံး ကစားသမားတစ်ဦးဖြစ်သလို နည်းပြဘဝမှာလည်း ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလပ်အသင်း အဆင့်မှာလည်း ဘက်ကင်ဘောင်ဝါဟာ ဟမ်းဘတ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားသမားဘဝကို အများဆုံး ကုန်ဆုံးခဲ့ပြီး ဥရောပဖလား ၃ ကြိမ် ၊ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၅ ကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘက်ကင်ဘောင်ဝါဟာ ၁၉၇၂ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ဘလွန်ဒေါဆု ၂ ကြိမ် ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ Laureus Lifetime Achievement Award ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ကွယ်လွန်သူ ဂျာမနီအသင်းခေါင်းဆောင်ဟောင်း ဖရန့် ဘက်ကင်ဘောင်ဝါ ကတော့ ဂျာမနီဘောလုံးလောကမှာသာမက ကမ္ဘာ့ဘောလုံးလောကအတွက်ပါ မမေ့နိုင်စရာ အထင်ကရ အမှတ်တရတစ်ခုအဖြစ် ထင်ကျန်ရစ်နေတော့မယ့် ဂန္ထဝင်ကစားသမားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။
Featured Photo : Sportskeeda