ဂျေဒန် ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ဒေါ့မွန်အသင်းကို ပြန်လည်ရောက်ရှိလာရတဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောကြား လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြား အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ၆ လ အငှားစာချုပ်နဲ့ ဂျာမန်ကလပ်ထံကို ပြန်လည်ရောက်ရှိ လာခဲ့တာပါ။
Photo : The Independent
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပြောင်းရွေ့ကြေး ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေခဲ့ရပြီး ယူနိုက်တက်အတွက် ပွဲပေါင်း ၈၂ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ ဘွန်ဒက်စ်လီဂါကလပ်ထံ ပြန်လည်ရောက်ရှိလာမှုနဲ့ ပတ်သတ်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှာတော့ ဆန်ချိုက ” ဒီကိုပြန်လာရတာ အရမ်းကောင်းပါတယ်။ ဒေါ့မွန်က ကျွန်တော့်အတွက် အိမ်လိုပါပဲ။ ဒီနေရာက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ခဲ့တဲ့ နေရာပါ။ ဒါက ကျွန်တော်အမြဲတမ်းမက်တဲ့ အိပ်မက်ပါပဲ။ ဒီကိုပြန်လာရလို့ ဝမ်းသာပါတယ်”
“ဟုတ်ပါတယ် ကျွန်တော် စတင်ကစားဖို့ အရမ်းကို စိတ်အားထက်သန်နေပါပြီ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကလည်း ကျွန်တော့်ကို စတင်ဖို့ ကူညီပေးလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီက ကစားသမားအချို့နဲ့လည်း ခင်မင်နေဆဲပါပဲ။ သူတို့လည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။ ကျွန်တော့်နည်းတူ သူတို့လည်း အရမ်းကို ကစားချင်နေမှာပါ။ ကျွန်တော်ရဲ့ အစီအစဉ်ကတော့ ဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေနဲ့ နိုင်ပွဲတွေကို ရယူဖို့ပါပဲ။ ဒါတွေလုပ်ဖို့အတွက် ကျွန်တော်မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Photo : Metro.co.uk
ဒေါ့မွန်အသင်းမှာ ဒုတိယအကြိမ် ပြန်လည်ကစားဖို့အတွက် ဘာကြောင့်စိတ်အားထက်သန်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ဆန်ချို က ” ကျွန်တော့်ကို ဒီမှာ ပရိသတ်တွေရဲ့ လက်ခံထားမှုအပေါ် မူတည်ပါတယ်။ ပြီးတော့ အီဒင်တာဇစ် ၊ ဆီဘက်ရှန် ၊ ဟန်စ်ဂျိုအာချင် ဝက်ဇ်ကီ ၊ မာကိုရူးစ် တို့အပါအဝင် အခြားကစားသမားတွေနဲ့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒါတွေအားလုံးက အခုလို ပြန်လာဟာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်ဆိုတာ သေချာစေခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်။
Featured Photo : Sky Sports