လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန် ကတော့ ယခုလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Jordan Henderson

Photo : talkSPORT

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ၁၂ နှစ်ကြာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့လမ်းခွဲခဲ့ပြီး အသင်းဖော်ဟောင်း နည်းပြ စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖက်အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ လက်ရှိ အယ်လ်အစ်တီဖက်အသင်းမှာ ၆ လခန့် ကစားပြီးချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ အပြီးသတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Mirror Football ရဲ့ ဖော်ပြချက်အရ ဟန်ဒါဆန်ဟာ ဥရောပဘောလုံးလောကဆီ ပြန်လည်ခြေချမှာဖြစ်ပြီး အေဂျက်စ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ LGBT+ အသိုက်အဝန်းကို ထောက်ခံအားပေးသူ တစ်ယောက်ဖြစ်တာကြောင့် ဆော်ဒီအာရေဗျမှာ သွားရောက်ကစားဖို့ သဘောတူခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

ဟန်ဒါဆန်ဟာ ဆော်ဒီမြေမှာ မြင့်မားလှတဲ့ လစာငွေ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းအထိ ရရှိခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးနဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခွင့် ရခဲ့ပေမယ့် အောက်တိုဘာလကတည်းက နိုင်ပွဲမရခဲ့တဲ့ နည်းပြဂျရတ်ရဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီးချိန်မှာတော့ သွင်းဂိုးတစ်ဂိုးမှ စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ရာသီဥတုအခြေအနေဟာလည်း ဟန်ဒါဆန်အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်စေခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

Jordan Henderson

Photo : The Mirror

ဟန်ဒါဆန်ဟာ ဆော်ဒီအာရေဗျကနေ ထွက်ခွာလိုကြောင်း ယခုလ အစောပိုင်းကတည်းက ကောလဟလ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေခဲ့ကာ အေဂျက်စ်အသင်းကလည်း ဟန်ဒါဆန်ကို ခေါ်ယူနိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

လက်ရှိ ဆော်ဒီကနေ ထွက်ခွာခွင့်ရခဲ့တဲ့နောက် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့အတွက် ဟန်ဒါဆန်ရဲ့ မျှော်လင့်ချက်ဟာလည်း ပြန်လည်အသက်ဝင်လာခဲ့ပြီးဖြစ်ပြီး အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်အနေနဲ့လည်း ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း အခက်အခဲများစွာနဲ့ ရုန်းကန်ခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင်ကို ဂျာမနီမှာ ကျင်းပသွားမယ့်ပြိုင်ပွဲအတွက် ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

Featured Photo : Irish Examiner