မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ် ကတော့ တောင်ကိုရီးယားမှာ ၎င်းရဲ့ပျော်ရွှင်နေတဲ့ ဘဝသစ်ကို ချစ်ရတဲ့ ပရိသတ်တွေထံ ဆိုရှယ်မီဒီယာကနေတဆင့် ချပြလာပါတယ်။
ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်ဟာ ဆိုးလ် အက်ဖ်စီကို ယခုလ အစောပိုင်းက အလွတ်ပြောင်းရွှေ့ကြေး နဲ့ အပြီးသတ် ရောက်ရှိလာခဲ့တာပါ။
Photo : Daily Star
လင်ဂတ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဘဝနဲ့ ၂ လတာ ဖြတ်သန်းပြီး K-League ကလပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ် အက်ဖ်စီကိုပြောင်းရွေ့ပြီး တောင်ကိုးရီးယားမှာ အခြေချနေထိုင်ခဲ့ပြီးနောက် လင်ဂတ် ဟာ အင်စတာဂရမ်လူမှုကွန်ယက်ကနေတဆင့် ၎င်းရဲ့ပျော်ရွှင်နေတဲ့ ဘဝသစ်ကို ဓာတ်ပုံတွေနဲ့တကွ ဆက်တိုက် မျှဝေလာခဲ့ပါတယ်။
အင်စတာဂရမ်လူမှုကွန်ယက်မှာ လင်ဂတ် တစ်ယောက် ဆိုးလ် အက်ဖ်စီဂျာစီကို ဝတ်ဆင်ပြီး Sangam ကွင်းကြီးထဲမှာ ပြုံးပျော်နေတဲ့ ပုံကို တင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားမြို့တော်ရဲ့ ကောင်းကင်ယံကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံကို တင်ခဲ့တဲ့အပြင် အသင်းဖော်တွေနဲ့အတူ ကိုရီးယားအစားအစာတွေ သွားရောက်မြည်းစမ်းနေတဲ့ ပုံတွေကိုလည်း မျှဝေခဲ့ပါတယ်။ လေ့ကျင့်ရေးဝတ်စုံအသစ်နဲ့ ဆယ်လ်ဖီပုံတစ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ ” ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဗားရှင်းဖြစ်လာဖို့ နှုတ်ဆက်ခြင်းများစွာဖြင့်” ဆိုတဲ့ စိတ်ခွန်အားတက်ဖွယ် စာသားကိုလည်း ပူးတွဲတင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လင်ဂတ်တစ်ယောက် တောင်ကိုရီးယားမှာ ဘဝသစ်ကို ပျော်ပျော်ကြီး စတင်နေပြီဆိုတာ သေချာပါတယ်။
Photo : France 24
လင်ဂတ်ဟာ ယခုလအစောပိုင်းမှာ တောင်ကိုရီးယားကလပ်နဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွေ့ကို အပြီးသတ်နိုင်ခဲ့ပြီး တောင်ကိုရီးယား ပရိသတ်တွေရဲ့ သောင်းသောင်းဗျဗျ ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။
လင်ဂတ်ဟာ တောင်ကိုရီးယား ကလပ်နဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၇၅၀၀ တန်ကြေးရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကို ပေါင် ၉၁၀,၀၀၀ ရရှိမှာဖြစ်ပြီး လင်ဂတ် ဟာ K-League မှာ လုပ်ခအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ K-League ရာသီသစ်ကို မတ်လ ၁ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပြီး ပွဲဦးထွက်ပွဲစဉ်မှာ လင်ဂတ် ပွဲထွက်ခွင့်ရမရကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Featured Photo : The Sun