ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံ ကတော့ ကစားသမားဘဝကနေ အနားယူချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်မှာမဟုတ်ပဲ ဘောလုံးအေးဂျင့်တစ်ဦးအဖြစ် အလုပ်ဆက်လုပ်ချင်တယ်လို့ ဖွင့်ဟလာပါတယ်။

Willian

Photo : The US Sun

အသက် ၃၅ နှစ်အရွယ် ဘရာဇီးလက်ရွေးစင် ကစားသမားကြီးဟာ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် ၊ လိဂ်ဖလား ၊ အက်ဖ်အေဖလားအပါအဝင် အောင်မြင်မှု မှတ်တိုင်များစွာနဲ့ ၇ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာတော့ အာဆင်နယ်အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်မှာ မျှော်မှန်းထားသလောက် အဆင်မပြေခဲ့ပဲ ၁ ရာသီအကြာမှာ ငယ်ဘဝကလပ်ဖြစ်တဲ့ ကိုရင်သီယန်အသင်းကို ပြန်ရောက်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ဥရောပဘောလုံးလောကဆီ တဖန်ခြေချလာခဲ့ပြီး နည်းပြ မာကိုစ် ဆေးလ်ဗားရဲ့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

တယ်လီဂရပ်ရဲ့ ဖော်ပြချက်အရတော့ ဖူလ်ဟမ်ကြယ်ပွင့်ဟာ ကစားသမားဘဝက အနားယူချိန်မှာ ဘောလုံးအေးဂျင့်တစ်ဦးဖြစ်လာဖို့ ရည်မှန်းထားကြောင်းနဲ့ ဘောလုံးလောကအတွက် အကျိုးတစ်စုံတစ်ရာ ပြန်ပြုနိုင်ဖို့ ဆန္ဒရှိကြောင်း သူ့ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ဝီလီယံ အနေနဲ့ ဘောလုံးဆက်ကစားဖို့ ရှိနေသေးပြီး ဖူလ်ဟမ်အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်နေချင်သေးပုံ ရပါတယ်။ ဝီလီယံဟာ လက်ရှိ ဖူလ်ဟမ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၈ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၉ ဂိုးအထိ စွမ်းဆောင်ပေးထားနိုင်ပါတယ်။

Willian

Photo : talkSPORT

ဘရာဇီးလ်သားဟာ လက်ရှိအသင်းနဲ့ စာချုပ် ၁ နှစ်သာ ချုပ်ဆိုထားပြီး သက်တမ်းတိုးမတိုးကိုတော့ ရာသီကုန်ထိ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

” သူတို့ ကျွန်တော့်ကို ဆက်နေစေချင်လား မနေစေချင်လား မသိသေးပါဘူး။ ရာသီကုန်မှပဲ ကျွန်တော်တို့ ဆုံးဖြတ်သွားမှာပါ။ အခုချိန်မှာ လေ့ကျင့်ရေးကောင်းကောင်းဆင်း ၊ ကောင်းကောင်းကစားပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ၊ ဘာဆက်ဖြစ်မလဲဆိုတာ မြင်တွေ့ရမှာပါ ” လို့ ဝီလီယံ ကပြောကြားခဲ့ပါတယ်။

Featured Photo : The Sun