မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်အသစ် ရက်ကလစ်ဖ်နဲ့ အသင်းတာဝန်ရှိသူတွေ ကတော့ လူတန်ကြယ်ပွင့် ရောစ့်ဘာကလေ ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။
Photo : MSN
လူတန်ကွင်းလယ်မှာ ခြေစွာနေတဲ့ အသက် ၃၀ အရွယ် ကစားသမားကို ဘတ်ဂျတ်အနေအထားအရ သက်သက်သာသာနဲ့ အိုးထရစ်ဖို့ဒ်သို့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့်လည်း ဦးစားပေးစာရင်းထဲမှာ ထည့်သွင်းစဉ်းစားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နဲ့ပွဲမှာ ရောစ့်ဘာကလေရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကို သရဲနီအသင်း တာဝန်ရှိသူတွေ ကောင်းကောင်းကြီး မြင်တွေ့ခဲ့ကြရတာပါ။ အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ဒီရာသီ လူတန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
လက်ရှိ လူတန်နဲ့ ကွင်းလယ်လူ ရောစ့်ဘာကလေ တို့ကြားက စာချုပ်အခြေအနေဟာ အနည်းငယ် ရှုပ်ထွေးနေပေမယ့် ယူနိုက်တက်အနေနဲ့ သက်သာတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အလားအလာ ကောင်းတစ်ရပ်ရှိနေတာ ဖြစ်ပါတယ်။
စနေနေ့ညက ဖူလ်ဟမ်ကို ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ လက်ရှိ ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာပါ။ သရဲနီတို့ကတော့ လာမယ့်ရာသီမတိုင်ခင် ၎င်းတို့ရဲ့ ကွင်းလယ်ကို အားကောင်းအောင်ပြင်ဆင်ဖို့ စိတ်အားထက်သန်နေပါတယ်။
အကယ်၍ ကွင်းလယ်ကွက်လပ်ကို ဖြည့်နိုင်မယ့် ကစားသမားသစ်သာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပုံစံကောင်းရဖို့ ရုန်းကန်နေရတဲ့ ကတ်စမဲရိုးကို လက်လွှတ်သွားဖွယ် ရှိနေပါတယ်။ နောက်ပြီး ဖီအိုရင်တီးနားကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆိုဖီယန် အမ်ရာဘတ်ကိုလည်း စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းမှာဆက်ထားဖို့ မသေချာပါဘူး။
Photo : The Sun
ဒါကြောင့်လည်း သရဲနီတို့ဟာ ရာသီကုန်မှာ လူတန်တို့ တန်းဆင်းခဲ့ရပါက အသင်းကနေ ပြောင်းရွေ့ကြေး သက်သက်သာသာနဲ့ ထွက်ခွာခွင့်ရှိတဲ့ ကွင်းလယ်လူ ရောစ့်ဘာကလေ ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။
INEOS အားကစားအဖွဲ့ကလည်း ယူနိုက်တက် အသင်းဟာ ဘတ်ဂျက်အတွင်းကနေ အလုပ်လုပ်ရဖို့လိုအပ်နေပြီး ထိပ်တန်းကစားသမားတစ်ဦးကို ပြောင်းရွေ့ကြေး အနည်းငယ်နဲ့သာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အလုပ်ပိုဖြစ်မယ်လို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။
Featured Photo : The Irish Sun