ချဲလ်ဆီးအသင်းမှာ ခရစ္စတိုဖာ အန်ကွန်ကူ ရဲ့ ပထမဆုံးရာသီကတော့ ကလပ်နဲ့ ကစားသမားအတွက် စိတ်ပျက်စရာပါပဲ။ အန်ကွန်ကူဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက လိုက်ပ်ဇစ်ကနေ ပေါင် ၅၃ သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။
Photo : All Football
ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်မှာတင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ၄ လ ကျော်ကြာ အနားယူခဲ့ရတာ ဖြစ်ပါတယ်။
အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဘောလုံးပြန်ကစားနိုင်ခဲ့ပြီး ဝုလ်ဖ်ကို ၂ – ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီနောက် လေ့ကျင့်ရေးအတွင်းမှာ နောက်ထပ် ၃ ပတ်ကျော်ကြာ အနားယူခဲ့ရတဲ့ တင်ပါးဒဏ်ရာ ထပ်မံရရှိ ခဲ့ပြန်ပါတယ်။
ချဲလ်ဆီးမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ တင်ပါးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ် မတိုင်မီ အသင်းအတွက် ၁ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အခုလက်ရှိနောက်ဆုံး ဒဏ်ရာကတော့ လီဗာပူးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်အတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး ၃ ပတ်ကနေ ၄ ပတ်လောက်အထိ အနားယူရနိုင်ခြေရှိတယ်လို့ နည်းပြ ပိုချက်တီနိုက အတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Photo : All Football
တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ပ်ဇစ်အသင်းအတွက် ပွဲပေါင်း ၃၆ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးအထိ ခြေစွမ်းပြထားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းအတွက်တော့ ၇ ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
Featured Photo : The Mirror