မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့်တွေဟာ လာမယ့်နွေရာသီမှာ နည်းပြ အဲရစ် တန်ဟက် ကို ရာထူးကနေ ထုတ်ပယ်သွားလိမ့်မယ်လို့ ယုံကြည်နေကြောင်း သတင်းတွေအရ သိရပါတယ်။ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒီရာသီရဲ့ ပရီးမီးယားလိဂ် (၁၁) ပွဲမြောက် ရှုံးပွဲအဖြစ် မန်စီးတီးအသင်းကို ၃ – ၁ ဂိုးနဲ့ ရှုံးနိမ်ခဲ့ရပါတယ်။
Photo : The Sun
ဒါ့အပြင် ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ အတွက်လည်း နည်းပြ တန်ဟက် အတွက် ဒီရာသီဟာ ဖိအားများတဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။ သရဲနီတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်ဟာ ဝေဝါးနေဆဲဖြစ်ပြီး ဒီရာသီ နောက်ဆုံးမျှော်လင့်ချက် ဆုဖလားဖြစ်တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ခက်ခဲမှုတွေ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
လက်ရှိ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေက ဆိုးရွားနေပေမယ့် တန်ဟက် ဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာကြောင့် ကစားသမားအချို့က မကျေနပ်မှုတွေရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ နယ်သာလန်သားဟာ ရာသီကုန်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ယုံကြည်နေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် တန်ဟက်ကတော့ သရဲနီ ကစားသမားတွေရဲ့ ထောက်ခံမှုကို ရရှိထားကြောင်းနဲ့ အသင်း ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ သဘောထား တူညီမှုရှိနေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
တန်ဟက်နဲ့ ရက်ကလစ်ဖ် တို့နှစ်ဦးဟာ ယခုနှစ်အစကတည်းက ဆွေးနွေးမှုတွေ ရှိခဲ့ကြပြီး တန်ဟက်ဟာ ရက်ကလစ်ဖ်ရဲ့ ညာလက်ရုံးဖြစ်တဲ့ INEOS အဖွဲ့ရဲ့ အကြီးအကဲ ဆာဒေဗ့် ဘရက်စ်ဖို့နဲ့လည်း အနီးကပ် အဆက်အသွယ်မပြတ်ရှိခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်ရယ် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဆာဒေဗ့် ဘရက်စ်ဖို့တို့ အသင်းနဲ့ ပတ်သတ်ပြီး စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါတယ်။ အသင်းအကြောင်း ၊ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်မှုပိုင်းတွေနဲ့ ပတ်သတ်ပြီးပေါ့။ ကျွန်တော်တို့ သဘောထား တိုက်ဆိုင်မှုတွေ အများကြီး ရှိပါတယ်။ အသင်းကိုစဝင်လာကတည်းက ကျွန်တော့်မှာရှိတဲ့ ရည်မှန်းချက်နဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေက အတူတူပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
INEOS အဖွဲ့အနေနဲ့တော့ တန်ဟက်ရဲ့နည်းပြရာထူးနဲ့ ပတ်သတ်ပြီး ဒီနွေရာသီမှာ ပြန်လည်သုံးသပ်အကဲဖြတ်သွားမယ့် အလားအလာမှာရှိနေပြီး အသင်းရဲ့စီအီးအိုအသစ်အဖြစ် အိုမာဘရာဒါကို ခန့်အပ်ခဲ့တဲ့အပြင် နယူးကာဆယ် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့အတွက် တန်ဟတ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ဖွယ် ရှိနေပါတယ်။
Photo : The Sun
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း တန်ဟက်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်တစ်ခု မြန်မြန်ဆန်ဆန် ချနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ” စီအီးအိုအသစ် အိုမာဘရာဒါကို ခန့်အပ်ခဲ့တာနဲ့ နယူးကာဆယ်အသင်းကနေ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကို ခေါ်ယူဖို့ ကြိုးစားနေတာကိုကြည့်ရင် သူတို့က တန်ဟက်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချတော့မယ်လို့ ထင်ပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဆာဒေဗ့် ဘရက်စ်ဖို့တို့ အနေနဲ့လည်း လာမယ့်ရာသီမှာ တန်ဟက် ကို နည်းပြအဖြစ် ဆက်ထား, မထားဆိုတာကို ဆုံးဖြတ်ထားပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ ဒီဆုံးဖြတ်ချက်ကိုချဖို့ မေလအထိ စောင့်မယ်ဆိုတာက ကျွန်တော့်အတွက် မယုံနိုင်စရာပါပဲ”
” မန်ချက်စတာ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆုံးဖြတ်ချက် အမှားတွေ အများကြီး လုပ်ခဲ့တာပါ။ ဒါကြောင့် သူတို့ ဒီလိုထပ်အဖြစ်ခံမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော့် အနေနဲ့ကတော့ သူတို့ ကောက်ချက်ချပြီးပြီလို့ ထင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတို့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားပါလိမ့်မယ်လို့” ပြောကြားခဲ့ပါတယ်။
Featured Photo : The Sun