ကျွန်တော်တို့ ယောကျာ်းလေးတွေက လိင်တံ အရွယ်အစား ကြီးထွားလာဖို့ဆိုရင် တွေ့ဖူးကြားဖူးသမျှ ဆေးမြီးတို ပေါင်းစုံကို စမ်းသပ်ဖို့ သိပ်ဝန်မလေးကြပါဘူး။ ဘာဆီညာဆီတွေ လိမ်းရမယ် ၊ သွေးတိုက်ဆေးနဲ့ ကိုလာရောပြီး လိမ်းရမယ် စသည်ဖြင့် ပြောကြတဲ့ အရပ်စကားတွေ အကုန်လုံးကို ဟုတ်သည်ရှိ မဟုတ်သည်ရှိ သိပ်မစဉ်းစားပဲ လုပ်တက်ကြပါတယ်။ တကယ်တော့ ကွီးတို့ရဲ့ ညီလေး ဆိုတာက နူးညံ့ပြီး ထိလွယ်ရှလွယ်တဲ့ အရေပြား ဧရိယာတစ်ခု ဖြစ်တာကြောင့် ပေါက်ကရ နည်းလမ်းတွေနဲ့ လျှောက်လုပ်မယ်ဆိုရင် အန္တရာယ်အင်မတန် များပါတယ်။ ဒီတစ်ခေါက်မှာတော့ လူပြောများတဲ့ အရပ်စကား ဆေးမြီးတို တွေနဲ့ ကွီးတို့ရဲ့ ညီလေးကို လျှောက်လုပ်မယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) ပြင်းထန်တဲ့ အရေပြားယားယံခြင်းကို ဖြစ်စေနိုင်တယ်
Photo : Dr. Bidair
လိင်တံရဲ့ အရေပြားဟာ အလွန်ပဲ နူးညံ့ပြီး အထိအရှ လွယ်ပါတယ်။ နားလည်တက်ကျွမ်းတဲ့ ဆေးပညာရှင်တွေ ညွှန်းဆိုထားခြင်းမရှိတဲ့ ဆေးမြီးတို နည်းလမ်းတွေ ၊ ပေါက်ကရ ပါဝင်ပစ္စည်းတွေကို ညီလေးအရေပြားပေါ်မှာ လိမ်းမယ်အသုံးပြုမယ် ဆိုရင် ပြင်းထန်တဲ့ အရေပြားယားယံခြင်း ၊ အရေပြားလောင်ခြင်းနဲ့ အရေပြားနီမြန်းနာကျင်ခြင်း စတာတွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အချို့သော ပါဝင်ပစ္စည်းတွေမှာ ဓာတုဒြပ်ပေါင်းတွေနဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေ အများကြီး ပါဝင်နေနိုင်တဲ့အတွက် ဒါတွေက လိင်တံအရေပြားကို ခြောက်သွေ့ခြင်း ၊ ရောင်ရမ်းခြင်းနဲ့ မအီမသာဖြစ်ခြင်းကဲ့သို့ ပြဿနာတွေကိုလည်း ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။
(၂) ဓါတ်မတည့်မှုကို ဖြစ်စေနိုင်တယ်
Photo : Activcore
ပေါက်ကရ ဆေးမြီးတိုနဲ့ ပါဝင်ပစ္စည်းတွေက ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ ဓာတ်မတည့်မှုအချို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးမြီတိုတွေနဲ့ လျှောက်လုပ်ပြီး ဓာတ်မတည့်မှု ဖြစ်ပေါ်နေပြီဆိုရင် ကွီးတို့ရဲ့ ညီလေး ဧရိယာတဝိုက်မှာ ပုံမှန်မဟုတ်တဲ့ ယားယံခြင်း ၊ ပူစပ်ပူလောင် ခံစားရခြင်း ဒါမှမဟုတ် လိင်တံအရေပြားပေါ်မှာ အဖုအပိမ့်တွေ ကဲ့သို့ သိသာထင်ရှားတဲ့ Allergic Reactions လက္ခဏာတွေ ဖြစ်ပေါ်နိုင်လာတာပဲ ဖြစ်ပါတယ်။
(၃) ပိုးဝင်နိုင်တယ်
Photo : Urology Austin
ပေါက်တက်ကရ အရပ်စကားတွေကို ယုံပြီး တွေ့သမျှပစ္စည်းတွေနဲ့ ညီလေးကို လျှောက်ပြီး လက်တည့်စမ်းမယ်ဆိုရင် သေချာတာကတော့ ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ဝင်လာနိုင်တာပါပဲ။ လိင်တံ ပိုးဝင်ခြင်း ဖြစ်တဲ့အခါ အချိန်မီ မကုသပါက ပြင်းထန်တဲ့ နာကျင်မှုဝေဒနာ ခံစားရနိုင်သလို အနံ့အသက်ဆိုးတွေထွက်တာ အပြင် အခြားသော လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၄) သိသာတဲ့ အကျိုးရလဒ်မရှိပဲ ဆိုးကျိုးအန္တရာယ်တွေသာ ပိုများနိုင်တယ်
Photo : Medical News Today
လူတွေ အရပ်ထဲမှာပြောကြတဲ့ ဘာနည်းညာနည်း ဆေးမြီးတို နည်းလမ်းတွေ ဆိုတာဟာ ယုံကြည်စိတ်ချရမှု မရှိသလို သိပ္ပံနည်းကျ သက်သေပြထားတဲ့ အထောက်အထားလည်း မရှိပါဘူး။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ဒီလိုနည်းလမ်းတွေဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွီးတို့ရဲ့ ညီလေးကို ပိုကြီးပိုကျန်းမာလာစေမယ့်အစား အကျိုးရလဒ် မယ်မယ်ရရမရှိပဲ ဆိုးကျိုးအန္တရာယ်တွေသာ ပိုပြီး ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။
အချို့သော ပေါက်ကရနည်းလမ်းတွေကြောင့် ဆေးရုံဆေးခန်း ရောက်သွားကြသူတွေလည်း ထုနဲ့ထေးပါ။ အချို့ဆိုရင် ရေရှည်ဆိုးကျိုးသက်ရောက်မှုတွေအထိပါ ကြုံတွေ့ခံစားရစေနိုင်တဲ့အတွက် ပေါက်ကရနည်းလမ်းတွေနဲ့ လက်တည့်မစမ်းကြဖို့ ဒီဆောင်းပါးလေးကနေတဆင့် သတိပေးလိုက်ပါတယ်။
Featured Photo : FACE Medical Supply