ချစ်တင်းနှော တဲ့အခါ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံး အသုံးပြုကြရပါတယ်။ ကွန်ဒုံးတွေဟာ ရောဂါပိုးမွှားတွေကို တားဆီးကာကွယ်ဖို့နဲ့ သန္ဓေတားဖို့အတွက် ရာခိုင်နှုန်းတစ်ခုအထိ ယုံကြည်စိတ်ချရသလို ဈေးလည်းသက်သာတဲ့ အလွယ်ကူ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် အချို့လူတွေမှာ Condom Allergy ဆိုတဲ့ ပြဿနာ ကြုံရတက်ပါတယ်။

Condom Allergy ဆိုတာ တနည်းအားဖြင့် ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ ပြဿနာပါ။ ကွန်ဒုံးဓာတ်မတည့်မှု ဖြစ်တယ်ဆိုရင် ချစ်တင်းနှောပြီးနောက်မှာ လိင်အင်္ဂါအရေပြား တဝိုက် ပုံမှန်မဟုတ်တဲ့ နီမြန်းယားယံခြင်း ၊ ရောင်ရမ်းခြင်း ၊ ပူစပ်ပူလောင် ခံစားရခြင်း ၊ လိင်အင်္ဂါရဲ့ အနံ့ သို့မဟုတ် အရောင်ပြောင်းလဲမှုဖြစ်ခြင်း ၊ ချစ်တင်းနှောနေစဉ်အတွင်း ပြင်းထန်တဲ့ နာကျင်မှုခံစားရခြင်း စတဲ့ ပြဿနာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ အကယ်၍ သင် ဒါမှမဟုတ် သင့်ပါတနာမှာ ဒီလို ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ ပြဿနာရှိနေပါက အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

(၁) ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုဆွေးနွေးပါ

Photo : POPSUGAR

အကယ်၍ သင်နဲ့ သင့်ပါတနာ နှစ်ဦးမှာ တစ်ယောက်ယောက်က ကွန်ဒုံးနဲ့ ဓာတ်မတည့်မှု ကြုံနေရတယ်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးသင့်ပါတယ်။ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းတာမျိုး မလုပ်ပါနဲ့။ နှစ်ဦးကြားမှာ ပွင့်လင်းစွာပြောဆိုဆက်ဆံမှုရှိဖို့က အရေးကြီးဆုံးပါပဲ။ အဓိကကတော့ ချစ်တင်းနှောချိန်မှာ သင်ရောသင့်ပါတနာပါ သက်တောင့်သက်သာနဲ့ ဘေးကင်းမှုရှိဖို့က အဓိကလိုအပ်ပြီး ကွန်ဒုံးနဲ့ဓာတ်မတည့်မှု ဖြစ်နေပါက အခြားရွေးချယ်စရာတွေနဲ့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ဖို့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး ရမှာပဲ ဖြစ်ပါတယ်။

(၂) Non-Latex ကွန်ဒုံးတွေ ပြောင်းသုံးကြည့်ပါ

condoms

Photo : World Health Organization (WHO)

ဓာတ်မတည့်မှုကို အများဆုံးဖြစ်စေတာကတော့ Latex ကွန်ဒုံးတွေပါပဲ။ ဒါကြောင့် Latex ကွန်ဒုံးတွေအစား Polyurethane နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေ ဒါမှမဟုတ် Non-Latex ကွန်ဒုံးတွေကို ပြောင်းလဲအသုံးပြု နိုင်ပါတယ်။ ဒီကွန်ဒုံးတွေကလည်း Latex ကွန်ဒုံးတွေနဲ့ နည်းတူ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) Natural Membrane ကွန်ဒုံးတွေ သုံးပါ

natural membrane condoms

Photo : Medium

Non-Latex ကွန်ဒုံးတွေနဲ့ အလားတူပါပဲ။ Natural Membrane ကွန်ဒုံးတွေက Latex နဲ့ ဓာတ်မတည့်သူတွေ သုံးနိုင်တဲ့ ကွန်ဒုံး အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ကွန်ဒုံးတွေကလည်း ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ (STIs) ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကွန်ဒုံးနဲ့တွဲဖက်အသုံးပြုရတဲ့ ဆက်စပ်ပစ္စည်းတွေကို ရှောင်ပါ

Spermicide

Photo : Verywell Health

ကွန်ဒုံးနဲ့ ဓာတ်မတည့်မှု ရှိတယ်ဆိုရင် Spermicide လို ကိုယ်ဝန်မရအောင် တားဆီးပေးတဲ့ ပစ္စည်းတွေနဲ့ ချောဆီတွေကို တွဲဖက်အသုံးပြုတာမျိုး အထူးရှောင်ကြဉ် ရပါမယ်။ ဒါတွေက ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ ပြဿနာကို ပိုဆိုးစေနိုင်လို့ပါ။ ကွန်ဒုံးအသုံးပြုပြီး ချစ်တင်းနှောတဲ့အခါ Spermicide နဲ့ ချောဆီတွေကို တွဲဖက်အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သလို ချောဆီနဲ့ Spermicide ပါဝင်ပြီးသား ကွန်ဒုံးတွေကိုလည်း ရွေးချယ်မသုံးမိစေဖို့ သတိပြုရပါမယ်။

(၅) အခြားအတားအဆီးနည်းလမ်းတွေ ရွေးချယ်ပါ

 barrier methods of contraception

Photo : myDr.com.au

ကွန်ဒုံးနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ နောက်ထပ်စိတ်ချရတဲ့ ရွေးချယ်စရာ နည်းလမ်းတွေ ရှိပါသေးတယ်။ အမျိုးသမီး ကွန်ဒုံးပြောင်းလဲ အသုံးပြုတာ မဟုတ်ရင်လည်း Diaphragm သို့မဟုတ် Cervical Caps လို့ခေါ်ကြတဲ့ သားအိမ်ခေါင်းအပေါ်ဖုံးအုပ်ရတဲ့ ခွက်လေးတွေ အသုံးပြုတာ စသည့်ဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သို့သော် အချို့နည်းလမ်းတွေက လိမ်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားကူးစက်နိုင်ခြေ အန္တရာယ်ရှိတဲ့အတွက် အရင်ဆုံး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

Source : Healthshots

Featured Photo : Healthline