ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ခရီးသွားမြို့တော်တို့ တင်စားရမယ့် ချင်းမိုင် ဟာ နိုင်ငံခြား ခရီးသွားတွေ အာရုံစိုက်မိနေတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ချင်းမိုင်မှာ ထူးခြားတဲ့ Nightlife အတွေ့အကြုံတွေကို ခံစားရရှိနိုင်သလို ထိုင်းလူမျိုးတွေရဲ့ ရှေးဟောင်းဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေ ၊ နိုင်ငံတွင်းက ကောင်းပေ့ညွှန်းပေ့ဆိုတဲ့ စားသောက်ဆိုင်တွေ ၊ သဘာဝတောတောင် ရှုခင်းအလှတွေနဲ့ လည်ပတ်စရာ နေရာတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်ရှိ နိုင်ငံခြား ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့ ချင်းမိုင် မြို့လေးအတွင်းက လည်ပတ်စရာ ခရီးသွား နေရာကောင်းလေးတွေနဲ့ ချင်းမိုင်ရောက်ရင် လုပ်ကြည့်ဖူးသင့်တဲ့ အရာလေးတွေကို စုစည်းတင်ဆက်ပေး လိုက်ပါတယ်။

(၁) Elephant Nature Park ကို သွားလည်ပါ

Elephant Nature Park

Photo : NOMADasaurus

ဒီနေရာလေးကတော့ တော်တော်လေး ထူးခြားပါတယ်။ Elephant Nature Park ဆိုတာ အရင်ခေတ် ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေနဲ့ ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေအတွင်းမှာ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ ဆင်လေးတွေကို ကယ်တင်ထားတဲ့ ကယ်ဆယ်ရေးစင်တာ တစ်ခုပါ။ Elephant Nature Park ကို သွားရောက်ပြီး ဆင်လေးတွေရဲ့ သဘာဝကို လေ့လာနိုင်သလို တစ်နေ့တာ စေတနာ့ဝန်ထမ်းအဖြစ်လည်း ကူညီလုပ်ကိုင်ပေးလို့ ရပါတယ်။

(၂) နိုင်ငံအတွင်းက အကောင်းဆုံး ကော်ဖီအရသာကို ခံစားပါ

Cafes in chiang-mai
Photo : Thaiger

ထိုင်းနိုင်ငံအတွင်းက ကောင်းပေ့ဆိုတဲ့ ကော်ဖီဆိုင်တွေဟာ ချင်းမိုင်မှာ တည်ရှိတာပါ။ ကော်ဖီချစ်သူတွေကတော့ ချင်းမိုင်ကို သွားရောက်လည်ပတ်ရတာ သေချာပေါက် ပျော်ရွှင်မိမှာပါ။ ကော်ဖီဆိုင်တွေဟာ နိုင်ငံခြား ခရီးသွားတွေကြားမှာ ချင်းမိုင် မြို့ကို နာမည်ကြီးစေတဲ့အထင်ကရနေရာလေးတွေ ဖြစ်သလို ရွေးချယ်စရာများလွန်းတဲ့ ကော်ဖီဆိုင်တွေကြား တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းထိုင် Coffee-Hopping လုပ်ရင်းနဲ့ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) တောင်ပတ်လမ်းတွေကြား ဆိုင်ကယ်စီးပါ

Mae Hong Son Loop
Photo : Novo-monde

ထူးထူးခြားခြား တောင်တန်းတွေရဲ့ အလှနဲ့ သဘာဝတရားကြီးကို အနီးကပ် လေ့လာခံစားခွင့် ရချင်တယ်ဆိုရင်တော့ ချင်းမိုင် မှာ တကယ်ကို လှတဲ့ တောင်ပတ်လမ်းတွေ ၊ တောင်တန်းနေရာတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ဆိုင်ကယ်လေးစီးရင် အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုကတော့ ချင်းမိုင်နဲ့ ချင်းရိုင်မြို့တွေနဲ့ အနီးဆုံးမှာတည်ရှိတဲ့ မယ်ဟောင်ဆောင် ခရိုင်အတွင်းက တောင်ပတ်လမ်းတွေပါ။ လှပလွန်းတဲ့ သဘာဝရှုခင်းတွေကြား တစ်သက်မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၄) ဘုရားကျောင်းတွေ သွားရောက်လည်ပတ်ပါ

Buddhist Temple
Photo : NOMADasaurus

ချင်းမိုင် မြို့လေးဟာ အံ့အားသင့်ဖွယ်ရာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုပါပဲ။ Wat Phra That Doi Suthep ကတော့ ခရီးသွားတွေ သေချာပေါက် သွားရောက်ရမယ့် မြို့အတွင်းက နာမည်အကြီးဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Wat Phra Singh ၊ Wat Pan Tao ၊ Wat Chedi Luang နဲ့ Wat Umong စတဲ့ အခြား နာမည်ကြီး ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေလည်း အများကြီး ရှိပြီး ထိုင်းလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(၅) တနင်္ဂနွေနေ့မှာ ညဈေးလမ်းလျှောက် ထွက်ပါ

night street markets

Photo : NOMADasaurus

တနင်္ဂနွေနေ့ ညတိုင်းမှာ ပြုလုပ်တဲ့ ချင်းမိုင် မြို့လယ်ခေါင်က ညဈေးတန်းကတော့ ခရီးသွားတွေ သေချာပေါက် သွားရောက်သင့်ပါတယ်။ လမ်းပိတ်တဲ့အထိ လူစည်ကားပြီး စားချင်စဖွယ် လမ်းဘေးအစားအသောက်အရောင်းဆိုင်တွေ ၊ လက်မှုပညာ အရောင်းဆိုင်တွေ ၊ ရိုးရာအနုပညာသည်တွေရဲ့ လမ်းဘေးဖျော်ဖြေမှုတွေနဲ့ တကယ့်ကို ထူးခြားလွန်းလှပါတယ်။ အစားအသောက် ၊ ပစ္စည်းအားလုံးက တော်တော်လေး ဈေးသက်သာတဲ့အတွက် လျှောက်စားလျှောက်သွားချင်တဲ့ ခရီးသွားတွေကတော့ သဘောကျမိမှာသေချာပြီး မတူညီတဲ့ ညခင်းအတွေ့အကြုံအသစ်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

Source : NOMADasaurus

Featured Photo : Klook