လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်နေစဉ်အတွင်း ခေါင်းကိုက် တဲ့ အခြေအနေမျိုး ကြုံဖူးပါသလား ? အထူးသဖြင့် ချစ်တင်းနှော ချိန်မှာ လိင်စိတ်တက်ကြွ လှုပ်ရှားမှုတွေ တိုးမြင့်လာတာနဲ့အမျှ ဦးခေါင်းနဲ့ လည်ပင်းတဝိုက်မှာ ထုံကျင်ကိုက်ခဲတာကို သတိထားမိ နိုင်ပါတယ်။ ဒါဟာ  အထွတ်အထိပ် ခံစားမှု (အော်ဂဇင်) ရခြင်း မတိုင်မီနဲ့ အော်ဂဇင် ရပြီးနောက် အချိန်တွေမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။

ယေဘုယျအားဖြင့်တော့ လိင်မှုကိစ္စ လှုပ်ရှားမှုတွေ လုပ်ဆောင်နေချိန်မှာ ခေါင်းကိုက်တာဟာ အရမ်းကြီး စိတ်ပူစရာတော့ မရှိပါဘူး။ ဒါပေမယ့် တချို့အခြေအနေတွေမှာတော့ ဦးနှောက်ကို တိုက်ရိုက်သွေးပို့ဆောင်ပေးနေတဲ့ ဦးနှောက်အတွင်းသွေးကြောဆိုင်ရာ ပြဿနာအချို့နဲ့ ဆက်စပ်နေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။

Sex Headaches ရဲ့ ရောဂါလက္ခဏာများ

Sex Headaches
Photo : Yoxly

ချစ်တင်းနှော ချိန်မှာ ခေါင်းကိုက်တာနဲ့ ပတ်သတ်ပြီး ရောဂါလက္ခဏာ ၂ မျိုး ရှိပါတယ်။ ပထမတစ်ခုက လိင်စိတ် နိုးကြားတက်ကြွလာတာနဲ့အမျှ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ပြင်းထန်တဲ့ ထုံကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားရတာပါ။ နောက်တစ်ခုကတော့ အော်ဂဇင် မရမီနဲ့ ရပြီး အချိန်တွေမှာ ရုတ်တရက်ဆိုသလို ပြင်းထန်တဲ့ ခေါင်းကိုက် ဝေဒနာကို ခံစားရနိုင်တာတို့ပဲ ဖြစ်ပါတယ်။

အချို့လူတွေမှာတော့ အထက်ပါ ရောဂါလက္ခဏာ ၂ ခုထဲက တစ်ခုကိုသာ ခံစားရတက်ပြီး အချို့ကျ‌တော့ လက္ခဏာ ၂ မျိုးလုံးကို အတူတကွ ခံစားရတက်ပါတယ်။ Sex Headaches ဟာ တစ်ခါတစ်ရံမှာ မိနစ်ပိုင်းလောက်သာ ကြာတက်ပြီး သူ့အလိုလို ပျောက်သွားတက်ပေမယ့် တချို့အခြေအနေတွေမှာတော့ နာရီနဲ့ ချီကြာတက်သလို လိင်မှုကိစ္စလုပ်ဆောင်ပြီးနောက် ၂ ရက် သို့မဟုတ် ၃ ရက်အထိ ဆက်လက် ခေါင်းကိုက် နေတက်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ ?

Sex Headaches

Photo : The Irish Sun

အထက်မှာ ပြောခဲ့သလိုပါပဲ ချစ်တင်းနှော ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ခေါင်းကိုက်ဝေဒနာဟာ စိုးရိမ်စရာ အကြောင်းအရင်းတစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် ဒီဖြစ်စဉ်ဟာ တစ်ခါတစ်ရံမဟုတ်ပဲ ၆ လအတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတယ် ၊ လိင်ဆက်ဆံတိုင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

ချစ်တင်းနှော ခြင်းကြောင့် ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာရဲ့ နောက်ကွယ်က အကြောင်းအရင်းများ

Sex Headaches

Photo : The Irish Independent

ချစ်တင်းနှောတဲ့ အခါမှာ ခေါင်းကိုက်ဝေဒနာ ခံစားရတာနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ဆက်လက်ပြောပြပေးချင်ပါတယ်။

  • ဦးခေါင်းအတွင်းရှိ သွေးလွှတ်ကြောနံရံများ ကျယ်လာခြင်း သို့မဟုတ် လေပူဖောင်းများထခြင်း
  • ဦးနှောက်အတွင်းရှိ သွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကြား ပုံမှန်မဟုတ်တဲ့ ဆက်စပ် ပြဿနာအချို့ ရှိခြင်း
  • ဦးနှောက်ဆီသို့ ဦးတည် ပို့ဆောင်နေတဲ့ သွေးလွှတ်ကြော နံရံတွေမှာ သွေးယိုစိမ့်မှု ဖြစ်ခြင်း
  • ဦးနှောက်အတွင်း သွေးကြောများ ကျဉ်းမြောင်းလာခြင်း
  • လေဖြတ်ခြင်း
  • သွေးကြောကျဉ်းရောဂါ ခံစားနေရခြင်း
  • ပဋိသန္ဓေတားဆေးလို အချို့သော ဆေးဝါးများ သောက်သုံးမှီဝဲခြင်း
  • အချို့ ရောဂါပိုးမွှားတွေကနေ တဆင့် ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်း

စတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။

ချစ်တင်းနှောချိန်မှာ ခေါင်းကိုက်ဝေဒနာ ခံစားရတာဟာ ကျားမ မရွေးကြုံတွေ့ ခံစားရနိုင်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ Sex Headaches ဟာ လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာ ဖြစ်တက်တဲ့ ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်တာကြောင့် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့ အတိအကျ မရှိပေမယ့် တစ်ခါတစ်ရံမှာ အော်ဂဇင် မရမီ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ခေတ္တခဏ ရပ်တန့်လိုက်တာက လိင်စိတ်တက်ကြွမှုကို လျော့ကျစေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ လိုအပ်ပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေ ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ သွားရောက်စစ်ဆေးကုသမှု ခံယူတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှောတဲ့အခါ ခေါင်းကိုက်တဲ့ အခြေအနေမျိုး ကြုံဖူးပါသလား ???

Source : Mayo Clinic

Featured Photo : Vanquish Headache Relief