ယောကျာ်းလေး တော်တော်များများက အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် ကောင်းကောင်းမပြနိုင်မှာ စိတ်ပူကြပေမယ့် နေ့စဉ်ဘဝထဲက လိင်မှုစွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိတဲ့ ညံ့ဖျင်းတဲ့ နေထိုင်မှု ပုံစံတွေကိုတော့ သတိမမူမိကြတာ များပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ လိင်မှု စွမ်းဆောင်ရည်အပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်တဲ့ နေထိုင်မှုပုံစံ အမှားတွေကို ပြောပြပေးပါမယ်။

(၁) ကိုယ်အလေးချိန် မထိန်းခြင်း

Obesity

Photo : SciTechDaily

အဝလွန်တာ ၊ Overweight ဖြစ်တာဟာ ကျန်းမာရေးအရ ကောင်းကျိုးမရှိသလို လိင်မှု စွမ်းဆောင်ရည် အပေါ်မှာလည်း ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဝိတ်အရမ်းများတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ဟာ ပေါ့ပေါ့ပါးပါး မရှိတော့ပဲ လေးလံထိုင်းမှိုင်းနေမှာ ဖြစ်တဲ့အပြင်နောက်ဆက် တွဲအနေနဲ့ ဆီးချို ၊ နှလုံး ၊ သွေးတိုး ရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။ လေ့လာမှုတွေအရ အဝလွန်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညိုး ကဲ့သို့ လိင်မှုဆိုင်ရာပြဿနာတွေ အဖြစ်များပြီး အိပ်ရာထက်မှာလည်း လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုထားပါတယ်။

(၂) လေ့ကျင့်ခန်း မလုပ်ခြင်း

Lazy Man

Photo : The Conversation

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အင်ဂျင်စက်တစ်လုံးနဲ့ တူညီပါတယ်။ စက်ကိုမမောင်းပဲ ပစ်ထားရင် ချို့ယွင်းချက်တွေ များလာပြီး နောက်ဆုံးမှာ စက်နှိုးမရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ ခန္ဓာကိုယ်ဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ဆောင်ဘူးဆိုရင် ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှု ၊ ခန္ဓာကိုယ်ရဲ့ခံနိုင်စွမ်းအားနဲ့ သက်လုံပိုင်းဆိုင်ရာတွေမှာ အားလျော့လာပါလိမ့်မယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်ကျန်းမာစေဖို့နဲ့ ပါတနာနဲ့အတူ ချစ်တင်းနှော ချိန်မှာ သက်လုံကောင်းကောင်း ၊ စွမ်းအားပြည့်ပြည့်ဝဝနဲ့ သာယာပျော်ရွှင်ဖွယ် လိင်မှုဆိုင်ရာအတွေ့အကြုံကို ရရှိနိုင်ဖို့ တစ်ရက်ကို အနည်းဆုံး ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း

 Stress

Photo : Verywell Mind

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ သို့သော် စိတ်ဖိစီးမှုတွေကို ကိုယ်တိုင်ကိုင်တွယ် မဖြေရှင်းဘူးဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ထက်ပိုဆိုးတာက စိတ်ဖိစီးမှုတွေဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးအပေါ်ပါ ဆိုးကျိုးသက်ရောက်မှု ရှိစေတာပါ။ စိတ်ဖိစီးမှုကြောင့် ကွီးတို့ ဖွားဖက်တော် ညီလေး ကောင်းစွာ မထောင်မတ်နိုင်တာ ၊ သုတ်လွှတ်မြန်တာ ၊ စွမ်းဆောင်ရည် ကောင်းကောင်း မပြနိုင်တာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး တက်နိုင်သမျှ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုတွေ နည်းပါးအောင် နေထိုင်သင့်ပါတယ်။

(၄) တက်စတိုစတီရုန်း (Testosterone) ကျခြင်း

Testosterone Therapy

Photo : Physicians Rejuvenation Center

ကျားဟော်မုန်း လို့ခေါ်တဲ့ တက်စတိုစတီရုန်း (Testosterone) ကျခြင်းဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် နဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်။ ကွီးတို့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) ပမဏ လျော့နည်းနေတဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေကို အလွယ်တကူ ခံစားရတာ ၊ စွမ်းအင်းကျဆင်းတာ ၊ လိင်စိတ်ဆန္ဒ လျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျမကျဆိုတာကို ကျန်းမာရေးစင်တာတွေနဲ့ ဆေးခန်းတွေမှာ သွားရောက်စစ်ဆေးလို့ ရပြီး လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဟော်မုန်းကုထုံး ခံယူတာ ၊ ဖြည့်စွက်ဆေးဝါးတွေ မှီဝဲတာတွေ လုပ်နိုင်ပါတယ်။

(၅) ဆေးလိပ် / အရက် အလွန်အကျွံ သောက်သုံးခြင်း

Smoking and Alcohol

Photo : Verywell Mind

လေ့လာမှုတွေအရ ဆေးလိပ်နဲ့ အရက် အလွန်အကျွံ သောက်သုံးတဲ့ အမျိုးသားတွေမှာ လိင်မှုဆိုင်ရာပြဿနာတွေ ဖြစ်တဲ့ လိင်အင်္ဂါ ကမောက်ကမ ဖြစ်တာ ၊ လိင်တံ သန်မာမှု လျော့ကျတာ ၊ အချိန်မတိုင်မီ သုတ်လွှတ်စောတာ အပြင် ချစ်တင်းနှော ချိန်မှာ ကောင်းမွန်လုံလောက်တဲ့ စွမ်းဆောင်ရည် ကောင်းမပြသနိုင်တာ စတာတွေ ကြုံရနိုင်ပါတယ်။ ဆေးလိပ် / အရက် အလွန်အကျွံ သောက်သုံးတဲ့အခါ သွေးကြောဆိုင်ရာပြဿနာတွေ ၊ နှလုံးနဲ့ဆိုင်တဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ဒါတွေက လိင်မှုစွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။

Source : My Fit Brain