ဘဝမှာ ကြိုးစားရတာ ခက်သလောက် အရှုံးပေးလိုက်ဖို့က လွယ်လွယ်လေးပါ။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ၊ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ကြိုးစားကြတဲ့အခါ တစ်ခါတစ်ရံ လမ်းခုလတ်မှာပဲ လက်မြှောက်အရှုံးပေးချင်တဲ့ စိတ်တွေဝင်လာတက်ပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ထင်မှတ်မထားတဲ့ အခက်အခဲ ပြဿနာတွေ ၊ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်တွေ ထိုးကျတာ ၊ ကိုယ့်ကိုယ်ကိုယ် ဒါကို ဆက်မလုပ်နိုင်တော့ဘူးလို့ ထင်မြင်လာမိတာ ၊ နောက်ဆုံး လက်လျှော့လိုက်ဖို့ အတွေးတွေဝင်တဲ့အထိ ခံစားရတက်ပါတယ်။ တကယ်တော့ ဘယ်သောအခါမှ ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ချောချောမွေ့မွေ့ မရောက်နိုင်သလို ဒီလိုအရာတွေကပဲ သင့်ကို ပိုသန်မာလာစေတယ်ဆိုတာကို နှလုံးသွင်းထားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ဘဝမှာ အ ရှုံး ပေးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတိုင်း ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ဘာကြောင့် စခဲ့လဲဆိုတာ ပြန်မေးပါ

Starting Point

Photo : Dave Ferguson

လက်ရှိ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းတစ်ခုကို လက်လျှော့ချင်တယ် ၊ အ ရှုံး ပေးချင်တယ်လို့ အတွေးဝင်လာတိုင်းမှာ သင်ဒီအရာကို ဘာကြောင့်စလုပ်ခဲ့လဲဆိုတဲ့ တာထွက်အစကို ပြန်တွေးရပါမယ်။ လူတိုင်းလူတိုင်းက ခရီးတစ်ခုရဲ့ အလယ်လောက်ကို ရောက်နေပြီဆိုရင် စတင်ခဲ့တုန်းက ရှိခဲ့တဲ့ စိတ်အားထက်သန်မှုတွေ ၊ တက်ကြွမှုတွေ ၊ မျှော်လင့်ချက်တွေကို တဖြည်းဖြည်း မေ့လျှော့လာတက်ပါတယ်။ ဆိုတော့ ဒီလမ်းကို ဆက်မလျှောက်ချင်တော့တာ သေချာပြီလား ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ဘာကြောင့် ဒါကို စခဲ့တာလဲ ပြန်တွေးပါ။ လမ်းကြောင်းရဲ့အစမှာ ရှိခဲ့တဲ့ မျှော်လင့်ချက် အိပ်မက်တွေ ၊ စိတ်အားထက်သန် တက်ကြွမှုတွေကို ပြန်လည် အမှတ်ရပြီး ခွန်အားသစ်တွေနဲ့ အကောင်းဆုံး ဆက်လျှောက်နိုင်ပါလိမ့်မယ်။

(၂) ဇွဲလုံ့လနဲ့ အနိုင်ယူပါ

Business man pushing large stone up to hill

Win Through Persistence Photo : Mindfully Lazy

လက်လျှော့ အ ရှုံး ပေးချင်တဲ့စိတ်တွေ ၊ ပျင်းရိငြီးငွေ့တဲ့ စိတ်တွေကို တွန်းလှန်အနိုင်ယူပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဇွဲလုံ့လ ကောင်းကောင်း ရှိဖို့ပါပဲ။ လောကမှာ ဘယ်အရာမှာ အဆင်ပြေလွယ်ကူ နေတယ်ဆိုတာ မရှိပါဘူး။ အခက်အခဲ အတားအဆီးတွေ ၊ စိန်ခေါ်မှုတွေ ၊ ကျရှုံးမှုတွေနဲ့ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ကြုံနေရဦးမှာပါ။ အောင်မြင်မှု ကြီးကြီးလိုချင်လေ ၊ ဇွဲလုံ့လ ထက်သန်မှုကို ကြီးကြီးထားဖို့ လိုလေပါပဲ။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်ပြီး ဇွဲလုံ့လရှိရှိနဲ့ ဖြစ်မြောက်ပြီးဆုံးအောင် လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ကိုမွေးရင် ပန်းတိုင်ကို သေချာပေါက် ရောက်ပါလိမ့်မယ်။

(၃) စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ

Challenges

Photo : Property Management Inc.

ဘဝက စမ်းသပ်ချက်တွေ အမြဲပေးနေမှာပါ။ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ ဆိုတာ မကြုံချင်လဲ ကြုံနေဦးမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကြောင့် သင်လဲကျသွားနိုင်ပါတယ်။ လဲကျတယ်ဆိုတိုင်း ရှုံး သွားတာ မဟုတ်ပါဘူး။ လဲကျပြီး ပြန်မထတော့မှ သင် တကယ်ရှုံးတာပါ။ အောင်မြင်နေတဲ့ သူတိုင်းဟာ ဘဝမှာ ပြိုလဲကျမှုတွေနဲ့ ကြုံခဲ့ရသူတွေ ချည်းပါပဲ။ အမှားတွေ ၊ ကျရှုံးမှုတွေကနေ သင်ခန်းယူပြီး လဲကျတိုင်းမှာ ပြန်ထကာ ရှေ့ဆက်လျှောက်လှမ်းဖို့ကပဲ အရေးကြီးတာ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြု ဂုဏ်ယူပါ

Be Proud

Photo : Elite Sports Clubs

ကျွန်တော်တို့ အများစု မေ့နေတာက ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြုဖို့ ၊ ဂုဏ်ယူဖို့ပါ။ လက်ရှိအခြေအနေအထိ ရောက်အောင်လျှောက်လှမ်း လာနိုင်တာကိုက သင့်ဘဝရဲ့ ရည်မှန်းချက်တွေအတွက် အတော်လေး ခရီးပေါက်နေပြီဆိုတာကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ရှေ့မှာ ဖြတ်သန်းခဲ့တဲ့ ခရီးတစ်လျောက်လုံးက ကြိုးစားအားထုတ်ခဲ့မှုတွေ ၊ ပင်ပန်းခဲ့မှုတွေ အားလုံးကို အသိမှတ်ပြု ရပါမယ်။ သင်လုပ်နိုင်တယ် ၊ ဒီလောက်အထိ လုပ်ခဲ့ပြီးပြီ ဆိုတာကို ပြန်တွေးကြည့်ပါ။ အ ရှုံး မပေးပဲ ရှေ့ဆက်သွားဖို့ စိတ်အားတက်ကြွမှုအသစ် ၊ အားအင်အသစ်တွေ ရရှိလာပါလိမ့်မယ်။

Source : Lifehack

Featured Photo : Inc. Magazine