ဘဝကြီးက တစ်ခါတလေမှာ နာကျင်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ မနေ့က Gym မှာ သွားဆော့ထားလို့ ကြွက်သားတွေ နာကျင်နေမယ်။ အလုပ်စားပွဲမှာ တစ်နေကုန် ထိုင်နေရလို့ ပုခုံးနာ၊ ခါးနာမယ်။ ခြေသန်းက တစ်စုံတစ်ခုနဲ့ သွားတိုက်မိလို့ နာကျင်သွားမယ် စတာတွေကို ကြုံတွေ့ရတဲ့အခါ အမှုမဲ့ အမှတ်မဲ့ နေလိုက်ပေမယ့် ကွီးတို့ ကြက်ဥ နှစ်လုံး အောင့် နေတဲ့အခါမှာတော့ အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘဲ ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။
ကြက်ဥ နှစ်လုံး အောင့် ခြင်းဆိုတာ
လူတစ်ယောက်နဲ့ တစ်ယောက် နာကျင်ပုံ နာကျင်နည်း မတူကြပါဘူး။ တချို့က ရံဖန်ရံခါမှသာ မသက်မသာ ခံစားရတာဖြစ်ပြီး အချို့ကျတော့လည်း တဆစ်ဆစ်နဲ့ မခံစားနိုင်အောင် နာကျင်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုမျိုး နာကျင်မှုနဲ့ ကြုံတွေ့ရပါစေ ကွီးတို့ ခေါင်းထဲမှာ ပေါ်လာမှာကတော့ ကင်ဆာ ရောဂါပဲ ဖြစ်ပါတယ်။ Testicular Cancer လို့ ခေါ်တဲ့ ကင်ဆာ ရောဂါက ကွီးတို့ အသက်ငယ်ငယ် အသက်ကြီးကြီး ဘယ်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ဆရာဝန်များရဲ့ ပြောကြားချက်အရ Testicular Cancer သည် နာကျင်မှု မရှိဘဲ သေချာ စစ်ဆေး စမ်းသပ်မှသာလျှင် ရှာဖွေ တွေ့ရှိရတာမျိုး ဖြစ်ပါတယ်။
ဘာ့ကြောင့် ကြက်ဥ နှစ်လုံးက အောင့်နေရသလဲ
အများဆုံး အဖြစ်များတဲ့ အကြောင်းအရင်းကတော့ ကွီးတို့ရဲ့ ကြက်ဥ နှစ်လုံးက နေရာမကျဘဲနဲ့ တစ်ခုနဲ့ တစ်ခု လိမ်သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး တစ်ခုနဲ့ တစ်ခု လိမ်သွားတဲ့အခါ သွေးလှည့်ပတ် စီးဆင်းမှုကို ဖြတ်တောက်လိုက်သလို ဖြစ်သွားပြီး နာကျင်ရတာပဲ ဖြစ်ပါတယ်။ ကွီးတို့က ပန်းသီးတစ်လုံးကို သူ့အပင်ပေါ်ကနေ ခူးမယ် ဆိုကြပါစို့။ ဒါဆိုရင် ထိုပန်းသီးကို အပင်ကနေ ပြုတ်ထွက်သွားအောင် ခူးတဲ့ ပုံစံကို မြင်ယောင် ကြည့်လိုက်ပါ။ ကွီးတို့ ကြက်ဥ နှစ်လုံး တစ်ခုနဲ့ တစ်ခု ရောယှက်ပြီး လိမ်သွားတာလည်း ထိုနည်း အတိုင်းပါပဲ။
ဘယ်အချိန်မှာ အဖြစ်များတတ်သလဲ
ကြက်ဥ နှစ်လုံးက ဘယ်အချိန်မှာ လိမ်သွားတတ်သလဲဆိုရင် ကွီးတို့ အားကစား လုပ်နေချိန်၊ ချစ်တင်းနှော နေချိန်နဲ့ အိပ်ပျော်နေချိန်မှာတောင် ဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်တွေမှာဆိုရင်တော့ ပိုပြီး အဖြစ်များ တတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ဆီ အမြန်ပြေးသင့်သလဲ
ကွီးတို့က စိတ်ပူပန်လာပြီ ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။ များသောအားဖြင့် ဆရာဝန်တွေကတော့ စက်ပစ္စည်း အကူအညီ မပါဘဲနဲ့ သူတို့ဘာသာ ပြန်ဖြည်ပေးလိုက်မှာပါ။ ဒါပေမဲ့ ကွီးတို့ ကြက်ဥတွေဆီ သွေးစီးဆင်းမှု မရှိတော့တာက အချိန် အရမ်းကြာသွားမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှပဲ ရပါလိမ့်မယ်။ လိုအပ်ပါကလည်း ကြက်ဥတွေကိုပါ ဖယ်ရှားပစ်လိုက်မှာပါ။ ဒါ့ကြောင့် နာကျင်မှုကို ပြင်းထန်လာသည်အထိ မပစ်ထားဘဲ ဆရာဝန်ဆီ မြန်မြန် သွားကာ ကုသမှု ခံယူသင့်ပါတယ်။
ကွီးတို့ရော မကြာခဏဆိုသလို ကြက်ဥ နှစ်လုံး အောင့်တတ်ပါသလား။
Source: Menshealth
Featured Image: Ufmmensunderwear