လူတိုင်းလူတိုင်းမှာ အကြိုက်ဆုံး အဖြူရောင် Shirt တွေ ၊ အင်္ကျီတွေ အနည်းဆုံး တစ်ထည်တော့ ရှိကြမှာပါ။ အဖြူတွေက ဝတ်ထားချိန်မှာ သန့်ပြန့်ပြီး ကွီးတို့ကို ကွန်ဖီးဒန့် ပိုရှိစေတယ် ခံစားရသလို စမတ်လည်း ပိုကျပေမယ့် မတော်တဆ စွန်းပေတာတွေက အဖြစ်လွယ်တဲ့ အားနည်းချက်ကလည်း ရှိနေပြန်တော့ အဖြူဝတ်တဲ့ရက်ဆို တော်တော်လေး အသွားအလာ ၊ အနေအထိုင် သတိထားရပါတယ်။ အကယ် ၍များ ကွီးတို့ အကြိုက်ဆုံး အဖြူရောင် အင်္ကျီတွေမှာ အရောင်တွေ ၊ ဆီတွေ စွန်းထင်းသွားလို့ ရင်ကွဲနေရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ အဖြူရောင်အထည်တွေကို ပြန်လည်ဖွေးသန့်သွားအောင် အစွန်းချွတ်နိုင်ပါတယ်။

(၁) ရှာလကာရည်

distilled white vinegar
Photo : Better Homes & Gardens

မီးဖိုချောင်ထဲမှာ အလွယ်တကူ ရှာတွေ့နိုင်တဲ့ ရှာလကာရည်နဲ့ ကွီးတို့ရဲ့ အဖြူရောင် အင်္ကျီတွေပေါ်က အစွန်းထင်းတွေကို ချွတ်နိုင်ပါတယ်။ Distilled White Vinegar လို့ခေါ်တဲ့ အရောင်မပါတဲ့ ရှာလကာရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အညစ်အကြေးနဲ့ အဆီတွေကို ပျော်ဝင်စေနိုင်စွမ်း ရှိပါတယ်။ ရှာလကာရည်နဲ့ အစွန်းတွေကို ချွတ်မယ်ဆိုရင် အရင်ဆုံး စွန်းနေတဲ့ အင်္ကျီကို ပုံမှန် စက် သို့မဟုတ် လက်နဲ့ လျော်ဖွတ်ပါ။ ပြီးမှ ရေထဲကို ရှာလကာရည်အနည်းငယ် ထည့်ပြီး လျော်ထားတဲ့ အင်္ကျီကို ထည့်စိမ်ပါ။ ၁၅ မိနစ်လောက်ဆိုရပါပြီ။ စွန်းသွားတဲ့အရောင်တွေ ၊ ဆီတွေပေါ်မူတည်ပြီး အစွန်းပြောင်နိုင်ခြေက အမျိုးမျိုးကွဲပြားနိုင်တာကြောင့် အစွန်းတွေ လျော့ပါးကင်းစင်သွားတဲ့အထိ ရှာလကာရည်နဲ့ အကြိမ်ကြိမ် လျော်ဖွတ်နိုင်ပါတယ်။

(၂) သွားတိုက်ဆေး

Plain white toothpaste

Photo : Umbel Organics

ဂျယ် Type မဟုတ်တဲ့ ရိုးရိုး အဖြူရောင် သွားတိုက်ဆေးတွေကလည်း အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ သွားတိုက်ဆေးဟာ သွားကြွေလွှာပေါ်က အစွန်းတွေ ၊ အညစ်အကြေးတွေကို ဖယ်ရှားပြီး ဖြူဖွေးသန့်စင်တဲ့ သွားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးသလို အဖြူရောင် အဝတ်အစားတွေနဲ့ အိပ်ရာခင်းတွေပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အင်္ကျီတွေပေါ်က စွန်းထင်းနေတဲ့ နေရာတဝိုက်ကို အဖြူရောင် သွားတိုက်ဆေး အနည်းငယ် အုံပြီး ၁၅ – ၂၀ မိနစ်လောက် ထားလိုက်ပါ။ အချိန်ပြည့်ရင် ပုံမှန်လျှော်နေကျအတိုင်း လျှော်ဖွတ်လိုက်လို့ ရပါတယ်။

(၃) ကိုကာကိုလာ

Coke

Photo : Eat This Not That

ကိုကာကိုလာနဲ့ အဖြူရောင် အထည်တွေပေါ်က အစွန်းတွေကို ချွတ်လို့ရတယ်လို့ ပြောရင် ကွီးတို့ ယုံမလား ? နည်းနည်းတော့ မယုံချင်စရာဖြစ်ပေမယ့် ဒါကတကယ်ပါ။ အဓိကအားဖြင့် ဆီအစွန်းတွေကို ကိုကာကိုလာနဲ့ ချွတ်လို့ ရပါတယ်။ အင်္ကျီပေါ်က စွန်းနေတဲ့ နေရာတဝိုက်ကို ကိုကာကိုလာ အနည်းငယ်လောင်းပြီး နာရီဝက် – ၄၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာနဲ့ ပုံမှန်အတိုင်း လျှော်ဖွတ်ရပါမယ်။ သံချေးနဲ့ အခြား ချွတ်ရခက်တဲ့ အစွန်းတွေဆိုရင် ကိုကာကိုလာ ထည့်ထားတဲ့ ဇလုံထဲမှာ တစ်ညလောက် စိမ်းထားပြီး နောက်နေ့မှာ ရေခပ်နွေးနွေးနဲ့ လျှော်ဖွတ်လိုက်မယ်ဆိုရင် အစွန်းတွေ လျော့ပါးကင်းစင်သွားနိုင်ပါတယ်။

(၄) သံပုရာသီး

lemon

Photo : Love2laundry

အဖြူရောင် အင်္ကျီတွေပေါ်က အစွန်းထင်းတွေကို ချွတ်ဖို့ အကောင်းဆုံး သဘာဝ ပစ္စည်းတစ်ခုကတော့ သံပုရာသီးပါ။ သံပုရာသီးဟာ အဖြူရောင်အဝတ်အထည်တွေပေါ်က အစွန်းအထင်းတွေကို အထိရောက်ဆုံး ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ အင်္ကျီပေါ်က စွန်းနေတဲ့ နေရာတဝိုက်ကို ရေအနည်းငယ်စွတ်ပြီး သံပုရာသီးကို အဆိုပါနေရာပေါ် အရည်ညှစ်ချပေးပါ။ ထို့နောက် ဆားအနည်းငယ်ခန့် အုံပေးပါ။ ဆားနဲ့ သံပုရာရည်ဟာ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး အတွဲအစပ် ပစ္စည်း ၂ ခု ဖြစ်ပါတယ်။

Source : Love2laundry

Featured Photo : America’s Test Kitchen