ကျွန်တော်အားလုံးရဲ့ဘဝမှာ ဘယ်အရာမှ တသတ်မှတ်တည်း ဖြစ်နေမှာ မဟုတ်ပါဘူး။ ကောင်းတာဖြစ်စေ ၊ ဆိုးတာဖြစ်စေ တချိန်မဟုတ်တချိန် အပြောင်းအလဲတွေ အမြဲကြုံတွေ့ရနိုင်ပါတယ်။ ပြောရရင် အဲ့ဒီအပြောင်းအလဲတွေကပဲ ကျွန်တော်တို့ရဲ့ ဘဝတွေ ၊ ရင့်ကျက်မှုတွေကို အများကြီး ပြောင်းလဲစေနိုင်တာပါ။ အပြောင်းအလဲတွေကို ကြောက်နေရင်တော့ ဘဝက ဒုံရင်းကဒုံရင်းပဲ ဖြစ်နေဦးမှာပါ။ ဒီဆောင်းပါးမှာတော့ ဘဝမှာအပြောင်းအလဲတွေ ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲ ၊ အပြောင်းအလဲ တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိပ်တိုက်ကျော်လွှားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့ အဆင့် ၃ ဆင့်ကို သိထားရမယ်

3 steps

Photo : Breakthrough Marketing Secrets

တစ်ခါတစ်လေ ဘဝမှာ လုံးဝထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ကြုံရတဲ့အခါမှာ ကျွန်တော်တို့ တော်တော်များများ တုန်လှုပ်တာ ၊ လဲပြိုတာတွေ ဖြစ်သွားတက်ကြပါတယ်။ ဒီလိုအခြေအနေကို ကျော်လွှားဖို့အတွက် အဆင့် ၃ ဆင့် ရှိတယ်ဆိုတာ သိထားရပါမယ်။ ပထမအဆင့်ကတော့ နှုတ်ဆက်ခြင်းပါ။ အပြောင်းအလဲတွေ ဖြစ်မလာခင်က အခြေအနေတွေကို သင်ကိုယ်တိုင်ကောင်းမွန်စွာ နှုတ်ဆက်ခွဲခွာတက်ဖို့ အရေးကြီးပါတယ်။ ဒုတိယအဆင့်ကတော့ အဟောင်းကိုဖယ်ရမယ့် အဆင့်ဖြစ်ပါတယ်။ ယခင်ကရှိခဲ့တဲ့ အကျင့်ဟောင်းတွေ ၊ နည်းနာအဟောင်းတွေ အားလုံးကို ဒီအချိန်မှာ စွန့်လွှတ်ဖယ်ရှားလိုက်ဖို့ပါပဲ။ နောက်ဆုံးအဆင့်ကတော့ မိမိကိုယ်ကို စမ်းသပ်တဲ့အနေနဲ့ အသစ်သစ်သော အလေ့အကျင့်တွေကို စတင်လုပ်ဆောင်ဖို့ပါ။ ဒီအဆင့် ၃ ဆင့်ဟာ ဘယ်လိုအပြောင်းအလဲတွေပဲ ကြုံရကြုံရ ကောင်းမွန်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေမယ့် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

(၂) စိတ်ခံစားချက်တွေကို ကောင်းစွာကိုင်တွယ် ဖြေရှင်းရမယ်

Faces

Photo : YourTango

ကျွန်တော်တို့ တော်တော်များများ ဘဝမှာ အပြောင်းအလဲတွေနဲ့ ကြုံရတဲ့အခါမှာ များသောအားဖြင့်တော့ စိတ်ခံစားမှုနောက်ကို လိုက်ပြီး ပိုဆိုးတဲ့ အခြေအနေတွေကို ဖန်တီးမိတက်ကြပါတယ်။ တကယ်တော့ စိတ်ခံစားမှုတွေကို ကောင်းစွာကိုင်တွယ် ထိန်းချုပ်နိုင်မှသာ အခြေအနေတွေကို အကောင်းဆုံးရလဒ်တစ်ခုအဖြစ် ပြောင်းလဲနိုင်မှာပါ။ ပုံမှန်ဖြတ်သန်းနေတဲ့ ဘဝနဲ့ လားလားမှမဆိုင်တော့တဲ့ မတူညီတဲ့ အပြောင်းအလဲ အခြေအနေတွေမှာ စိတ်ဓာတ်ကျတာ ၊ အားငယ်ဝမ်းနည်းတာ ၊ စိုးရိမ်စိတ်များတာ စတဲ့ ခံစားချက်တွေက ဖြစ်ပေါ်လာတက်တာ သဘာဝပါ။ ဒီလိုစိတ်ခံစားချက်တွေကို တက်နိုင်သမျှ ထိန်းချုပ်ကိုင်တွယ်ပြီး ကြိုးစားကျော်ဖြတ်ရဖို့ သင့်မှာတာဝန်ရှိပါတယ်။ ကျွန်တော်တို့ဟာ ” အပြောင်းအလဲတစ်ခုခုကို ရင်ဆိုင်ဖြတ်သန်းပြီးချိန်မှာ နောက်လာမယ့်အရာတွေအတွက် အဆင်သင့်ဖြစ်နေပြီ ” လို့ မိမိကိုယ်ကို သတိပေးနေဖို့ အရေးကြီးပါတယ်။

(၃) အခြေအနေတွေအပေါ် မူတည်ပြီး အကောင်းဆုံး ရုပ်လုံးပေါ်အောင် ထွင်းထုရမယ်

Clay Pot

Photo : D’source

အချို့အပြောင်းအလဲတွေက သင့်ကိုကြိုတင်သတိပေးပြီး ရောက်လာမှာတော့ မဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့ အချိန်မှာ မထင်မှတ်ထားသလို ဗြုန်းစားကြီး ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့အတွက် ရွေးချယ်ခွင့်ဆိုတာ မရှိသလောက်ရှားနိုင်သလို ရှိရင်လည်း ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိပါလိမ့်မယ်။ ဆိုတော့ အဓိကအားဖြင့် ဘယ်လိုအပြောင်းအလဲတွေပဲ ကြုံရပါစေ အခြေအနေတွေ ကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေကို ပုံဖော်ဖန်တီးရမှာက သင့်တာဝန်ဖြစ်ပါတယ်။ သင့်ဘဝထဲ ရောက်လာတဲ့ ဆိုးတဲ့ပြောင်းလဲခြင်းတွေဖြစ်စေ ၊ ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်စေ ဘယ်လိုအရာမျိုးကိုမဆို လက်ခံပြီး အပြောင်းအလဲကို အသုံးချကာ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးရမှာပါ။ ဒါမှသာ အပြောင်းအလဲ တွေအောက်မှာ သင်ဟာနစ်မြုပ်သွားတော့မှာ မဟုတ်ပဲ အပြောင်းအလဲတွေကြောင့်ပဲ သင့်ဘဝမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်းတွေကို ရရှိခံစားနိုင်စေမှာ ဖြစ်ပါတယ်။

(၄) သင့်ဘဝကို ပြန်လည်သုံးသပ်ရမယ်

Revise your life story

Photo : The Star

ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ပတ်သတ်ပြီး အမြဲတမ်း သတိကပ်သုံးသပ်နေဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲတွေသာ ဖြစ်မလာရင် သင့်ဘဝက ဘယ်လိုအခြေအနေမျိုးမှာ ရှိနေမလဲဆိုတာကိုပါ။ ဘဝက သက်တောင့်သက်သာဇုန်ထဲက မထွက်သ၍ ကြီးကြီးမားမား တိုးတက်ပြောင်းလဲလာခြင်းတွေ ရှိမှာမဟုတ်ပါဘူး။ ပြောင်းလဲခြင်းတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝကို ကွဲပြားစွာရှုမြင်တက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အပြောင်းအလဲတွေကို ကောင်းစွာလက်ခံနိုင်ပြီး အပြောင်းအလဲတွေကနေပဲ ခွန်အားသစ်တွေ ၊ အားအင်တွေနဲ့အတူ ရှေ့ကိုဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Source : ACHIEVE Centre for Leadership

Featured Photo : Prime Women