ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှော တဲ့အခါ အကာအကွယ် အသုံးပြုပြီး ချစ်တင်းနှောရဲ့လား။ ကွီးတို့ဆီမှာ လုံလောက်တဲ့ ကျန်းမာရေး အသိပညာရော ရှိထားရဲ့လား။ အဖြေက နိုး ဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာပါပဲ။ ကွီးတို့ ချစ်တင်းနှော နေစဥ်မှာ တစ်ချက်လောက် သတိလွတ်သွားတာနဲ့ ကူးစက် ကမ္ဘာ ထဲကို ခြေစုံပစ်ပြီး ကျသွားမှာ အသေအချာပါပဲ။
ကူးစက်ရောဂါတွေဆိုတာ ဘာလဲ
Sexually Transmitted Infections (STIs) ဆိုတာကတော့ လိင်အင်္ဂါ အထိအတွေ့ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းကို ထမင်းစား ရေသောက်ဆိုသလို ပြုလုပ်နေကြပြီး ကျန်းမာရေး အသိကို ခေါင်းထဲ မထည့်တဲ့သူတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အလျင်အမြန် ကူးစက်တတ်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
အချို့သော STIs တွေကတော့ ကုသ ပျောက်ကင်းနိုင်ပေမယ့် အချို့ကတော့ မပျောက်ကင်းနိုင်ပါဘူး။ ဒါ့ကြောင့် ရောဂါ ပိုး ကူးစက်မခံရအောင် အစောကြီးကတည်းက ဂရုစိုက်သင့်တာပဲဖြစ်ပါတယ်။
STIs ရောဂါပိုးက ဘယ်လို ကူးစက်တာလဲ
တစ်စုံတစ်ယောက်နဲ့ ချစ်တင်းနှော လိုက်ပြီဆိုတာနဲ့ ဒီကူးစက်ရောဂါသည် ကူးစက်ဖို့ အခွင့်အလမ်းရသွားပြီပဲဖြစ်ပါတယ်။ အချို့သော ကူးစက်ရောဂါများကတော့ ရောဂါ လက္ခဏာ ပြပေမယ့် အချို့ကျပြန်တော့လည်း ရောဂါ လက္ခဏာ (လုံးဝ) မပြပါဘူး။
ရောဂါပိုး ရှိပြီးသား လူနဲ့ အရေပြားချင်း အထိအတွေ့ကနေသော်လည်းကောင်း၊ လိင်အင်္ဂါချင်း အထိအတွေ့ကနေသော်လည်းကောင်း၊ ပါးစပ်၊ စအိုနဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်ကနေတဆင့် ကူးစကတတ်ပါတယ်။ ကွီးတို့ဆီမှာ ရောဂါ လက္ခဏာ (လုံးဝ) မပြခဲ့ရင်တောင်မှ ကူးစက်နိုင်နေတတ်ပါတယ်။
STIs ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ
ရောဂါ လက္ခဏာတွေကတော့ အမျိုးသမီးဆိုလျှင် မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်များ ဆင်းခြင်း၊ အမျိုးသားဆိုလျှင် ညီလေးရဲ့ ထိပ်ကနေ ပုံမှန် မဟုတ်တဲ့ အရည်များ ထွက်ခြင်း၊ ဆိုးရွားသော အနံ့များ ထွက်ခြင်း အစရှိတဲ့ ပျော့တဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်နိုင်သလို မခံမရပ်နိုင်အောင် နာကျင်သည်အထိ ခံစားရတတ်ပါတယ်။ ဒီလို လက္ခဏာများ ခံစားနေရတဲ့သူတွေကလည်း ဆရာဝန်ဆီ ချက်ချင်း မသွားဘဲ ဆေးမြီးတိုတွေနဲ့ ရမ်းသမ်းကုသတတ်ကြပါတယ်။ ဒါက တကယ်တော့ မလုပ်သင့်တဲ့အရာတစ်ခုပါပဲ။ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြီး ကုသမှု ခံယူမှသာလျှင် အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်မှာပဲဖြစ်ပါတယ်။
ဘယ်သူတွေက အများဆုံး ကူးစက်ခံရနိုင်ခြေရှိသလဲ
- တစ်ယောက်ထက် ပိုတဲ့ ပါတနာနဲ့ ချစ်တင်းနှောခဲ့ဖူးခြင်း (သို့) ချစ်တင်းနှော နေဆဲ ရှိခြင်း
- ကိုယ့်ရဲ့ ပါတနာဆီမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခု ရှိခြင်း
- ကူးစက် ရောဂါ ရှိသူနဲ့ ချစ်တင်းနှောခြင်း
- ကာယကံရှင် ကိုယ်တိုင်တွင်လည်း ကူးစက်ရောဂါ ခံစားခဲ့ရဖူးတဲ့ ကျန်းမာရေး ရာဇဝင်ရှိခြင်း
- ဆေးသုံးခြင်း၊ ဆေးထိုးခြင်း (သို့) ကိုယ့်ရဲ့ ပါတနာက မူးယစ်ဆေး သုံးစွဲခြင်း၊ ထိုးခြင်း အစရှိတဲ့ အချက်များထဲက တစ်ချက်ချက်နဲ့ ငြိနေရင်တော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ခံစားရနိုင်ခြေရှိပါတယ်။
ဒါ့ကြောင့် ကွီးတို့အနေနဲ့ တစ်ချက်ကလေး သတိမလွတ်သင့်ဘဲ ချစ်တင်းနှော တဲ့အခါ ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်မှသာလျှင် ကူးစက် ကမ္ဘာ ထဲ မကျရောက်သွားမှာပါ။
ကွီးတို့လည်း ကူးစက်ကမ္ဘာထဲ ကျရောက်သွားမှာကို ကြောက်ကြတာပဲ မဟုတ်လားဗျာ။
Source: Acog.org
Featured Image: Independent.co.uk