ပင်လယ်ချစ်သူတွေ မသွားမဖြစ်သွားသင့်တဲ့ ထိုင်းနိုင်ငံအတွင်းက ကမ်းခြေလေးတစ်ခုတော့ ဖူးခက်ပါပဲ။ ဖူးခက်တခွင်က လည်ပတ်စရာနေရာတွေကို ဒီဆောင်းပါးလေးမှာ (ပင်လယ်ပျော်တွေ ရောက်အောင်သွားရမယ့် ဖူးခက်ကမ်းခြေ) တစ်ပိုင်းတင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတဖန် ဆက်လက်ပြီး ခရီးသွားချစ်သူတွေအတွက် လည်စရာတွေ များလွန်းတဲ့ ဖူးခက် တခွင်က အသွားသင့်ဆုံး နေရာလေးတွေကို ထပ်မံမျှဝေပေးချင်ပါတယ်။
(၁) Kao Khad View Point

Photo : Agoda.com
မျက်စိတဆုံး လှပလွန်းတဲ့ Views အမိုက်စားတွေ ကြည့်ရှုခံစားချင်တယ် ဆိုရင်တော့ ဖူးခက် ကျွန်းရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Kao Khad View Point ကတော့ သေချာပေါက်သွားရမယ့် နေရာတစ်ခုပါ။ Kao Khad View Point က ဖူးခက်ရဲ့ Cape Panwa ဒေသမှာ ရှိတာကြောင့် Panwa Viewpoint လို့လည်း လူသိများပါတယ်။ စိမ်းပြာရောင် ရေပြင်ကျယ်ကြီးနဲ့ ဖူးခက်ကျွန်းရဲ့ တောင်ပိုင်းကမ်းရိုးတန်းပေါ်က အရိုင်းဆန်တဲ့ ရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်သလို မြောက်ဘက်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် မြို့ပြနဲ့ ပင်လယ်ကမ်းခြေတို့ ရောယှက်နေတဲ့ ထူးခြားတဲ့ သဘာဝဆန်ဆန် အလှတွေကို မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
(၂) Chillva Market

Photo : The Yama Hotel Phuket
စည်ကားလွန်းတဲ့ Chillva Market ကတော့ ဖူးခက် မှာ နာမည်အကြီးဆုံး ညဈေးတန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဈေးပတ် Shopping ထွက်ရတာ ကြိုက်သူတွေအတွက် ခေတ်မီဆန်းသစ်တဲ့ ဈေးဆိုင်တန်းတွေ ၊ ဈေးတန်ပစ္စည်းမှန်တဲ့ ကွန်တိန်နာကျ အဟောင်းဆိုင်တွေ ၊ ဒေသထွက် ထိုင်းရိုးရာ လမ်းဘေးအစားအစာတွေ ၊ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ မီးရောင်စုံဆိုင်ခန်းတွေနဲ့ ပြည့်နှက်နေပြီး လာရောက်လည်ပတ်သူတွေ အပန်းပြေစေဖို့ အပတ်စဉ် Live Music ဖျော်ဖြေရေး အစီအစဉ်တွေလည်း ရှိပါတယ်။
(၃) Bang Pae Waterfall

Photo : Expedia
သဘာဝကို ချစ်မြတ်နိုးသူတွေ ၊ ရေတံခွန်တွေကို သွားလည်ရတာ ကြိုက်သူတွေကတော့ Khao Phra Thao အမျိုးသားဥယျာဉ်မှာရှိတဲ့ Bang Pae Waterfall ကို မဖြစ်မနေ သွားလည်ဖို့ အကြံပေးချင်ပါတယ်။ ဖူးခက် ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းနားက စိမ်းစိုလန်းဆန်းတဲ့ သစ်တောထဲကို စွန့်စားခန်းဖွင့်ရင်း Bang Pae ရေတံခွန်ဆီ ရောက်အောင်သွားရမှာဖြစ်ပါတယ်။ မေလကနေ အောက်တိုဘာလအတွင်း မိုးရာသီကာလဟာ Bang Pae ရေတံခွန်ကို သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံး ဖြစ်ပြီး အဲ့ဒီကာလဟာ အရမ်းကိုလှတဲ့ ရေတံခွန်နဲ့ သဘာဝရှုခင်းတွေကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
(၄) Phuket Trickeye Museum

Photo : Trick Eye Museum Tickets
Phuket Trickeye Museum ကတော့ ဖူးခက် မှာ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး ထူးထူးခြားခြား ပြတိုက်တစ်ခု ဖြစ်ပါတယ်။ အနုစိတ်လွန်းလှပြီး အသက်ဝင်လှတဲ့ 3D နံရံဆေးရေး ပန်းချီတွေက လာရောက်လည်ပတ်သူတွေအတွက် ထူးခြားတဲ့ အငွေ့အသက် ခံစားမှုတွေကို ပေးစွမ်းမှာပါ။ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ရသလို လက်ရာမြောက်တဲ့ 3D ပန်းချီကားတွေကို ခံစားကြည့်ရှုရင်း အနားယူအပန်ဖြေ နိုင်ပါတယ်။
(၅) Patong Boxing Stadium

Photo : Muay Thai Stadium Tickets
ဖူးခက် မှာ စိတ်ဝင်စားဖို့အကောင်းဆုံး လုပ်စရာတွေထဲက တစ်ခုကတော့ ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ပွဲတွေ သွားရောက်ကြည့်ရှုရတာပါ။ Patong Boxing Stadium ကတော့ မွေထိုင်းလက်ဝှေ့ပွဲတွေ ကျင်းပလေ့ရှိသလို မွေထိုင်း လက်ဝှေ့ကို စိတ်ဝင်စားသူတွေလည်း ကိုယ်တိုင် ထရိန်နင်ဆင်း လေ့ကျင့်လို့ ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ခိုက်ရေး အားကစားနည်းတွေကို စိတ်ဝင်စားတယ် ၊ ဒေသခံတွေ / နိုင်ငံခြားသား လက်ဝှေ့ကစားသမားတွေရဲ့ ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ ယှဉ်ပြိုင်ထိုးသတ်ပွဲတွေကို ကြည့်ရှုအားပေးချင်တယ် ဆိုရင်တော့ Patong Boxing Stadium ကိုတော့ သေချာပေါက် ရောက်အောင်သာ သွားလိုက်ပါ။
Source : NOMADasaurus
Featured Photo : Peek
