Testicle Pain လို့ခေါ်တဲ့ အဖိုးတန် ရွှေဥလေး ဝှေးစေ့နာကျင်မှုဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ဝှေးစေ့ရဲ့အာရုံကြောတွေ ပျက်စီးတာကြောင့်ဖြစ်နိုင်သလို လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) ၊ အသားပုပ်ခြင်း (Gangrene) ၊ ဝှေးစေ့ ရောင်ရမ်းခြင်း ၊ အူကျွံခြင်း ၊ ကျောက်ကပ်ကျောက်တည်ခြင်း ၊ ပိုးဝင်ခြင်း ၊ သွေးပြန်ကြောတွေ ကျယ်လာခြင်း ၊ ဝှေးစေ့အတွင်းရှိ သုတ်ရည်ပြွန် အရည်အိတ်တည်ခြင်း သို့မဟုတ် Testicular Torsion လို့ခေါ်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်း သတိထားရမယ့် ဝှေးစေ့နာကျင်မှုအကြောင်းနဲ့ ပတ်သတ်ပြီး သိထားသင့်သမျှ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

ဝှေးစေ့နာကျင်မှု ခြုံငုံသုံးသပ်ခြင်း

Testicle Pain
Photo : Caring Medical

အဖိုးတန် ရွှေဥလေး ဝှေးစေ့ဆိုတာ အမျိုးသားတွေရဲ့ ကပ်ပယ်အိတ်အတွင်းမှာရှိတဲ့ မျိုးပွားအင်္ဂါကို ခေါ်ပါတယ်။ ဝှေးစေ့အတွင်း နာကျင်မှုဟာ အပေါ့စား ဒဏ်ရာတွေကြောင့် ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ဝှေးစေ့ကျုံ့ခြင်း သို့မဟုတ် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကဲ့သို့ ပြင်းထန်တဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဝှေးစေ့မှာ နာကျင်မှု ခံစားနေရတယ်ဆိုရင် ရောဂါလက္ခဏာ အခြေအနေအတက်အကျကို ကြည့်ပြီး ပြင်းထန်မှုရှိမရှိကို အကဲဖြတ်ဖို့ လိုပါတယ်။ ဝှေးစေ့ နာကျင်မှု ခံစားရတယ်ဆိုပါက လျစ်လျူရှုထားမသင့်သလို အချိန်မှီကုသမှု မခံယူက ရောဂါအခြေအနေ ပိုမိုပြင်းထန် လာနိုင်ပါတယ်။

ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေ

Testicle Pain
Photo : Facty Health

ဝှေးစေ့မှာ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ နာကျင်မှုကို ဖြစ်စေတက်ပေမယ့် တစ်ခါတစ်ရံ ဝှေးစေ့နာကျင်မှုဟာ ထင်မှတ်မထားတဲ့ အခြေအနေတွေ ၊ ကောင်းမွန်တဲ့ စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ နောက်ခံအကြောင်းအရင်း ပြဿနာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီထဲကမှ ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေကတော့…………

  • Diabetic Neuropathy လို့ခေါ်တဲ့ ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ အာရုံကြောရောဂါလို ကျန်းမာရေးအခြေအနေတွေကြောင့် ကပ်ပယ်အိတ်ရဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်း
  • Epididymitis သို့မဟုတ် STI Chlamydia ကြောင့်ဖြစ်တက်တဲ့ ဝှေးစေ့ရောင်ခြင်း
  • Gangrene သို့မဟုတ် တစ်ရှူးတွေ ပျက်စီးခြင်းကြောင့် ဝှေးစေ့ကျုံ့ခြင်း သို့မဟုတ် ဝှေးစေ့ဒဏ်ဖြစ်ခြင်း
  • ကပ်ပယ်အိတ် ရောင်ရမ်းခြင်း
  • ပေါင်ခြံနေရာ အူကျွံခြင်း
  • ကျောက်ကပ်ကျောက်တည်ခြင်း
  • Orchitis သို့မဟုတ် ဝှေးစေ့ရောင်ခြင်း
  • ဝှေးစေ့တစ်ခုစီမှာရှိတဲ့ သုတ်ရည်ပြွန် အရည်အိတ်တည်ခြင်း
  • ဝမ်းဗိုက်အတွင်း ဝှေးစေ့ကျန်နေခြင်း
  • Varicocele သို့မဟုတ် ဝှေးစေ့ရှိ သွေးပြန်ကြောတွေ ကျယ်လာခြင်း

အချို့ အခြေအနေတွေမှာ ဝှေးစေ့အတွင်း နာကျင်မှုကို ဖြစ်စေတာဟာ Testicular Torsion လို့ ခေါ်တဲ့ ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ ဝှေးစေ့တစ်သျှူးတွေ လိမ်ခေါက်ပြီး ဝှေးစေ့သို့ သွေးလည်ပတ်မှုကောင်းကောင်း မရတော့တာကြောင့် ဖြစ်တက်ပြီး ဒါက ဝှေးစေ့တစ်သျှူးတွေကို ပြင်းပြင်းထန်ထန် ပျက်စီးစေနိုင်ပါတယ်။

ဒီရောဂါဟာ အသက် ၁၀ နှစ်နဲ့ ၂၀ နှစ်ကြား အမျိုးသားတွေမှာ ပိုဖြစ်တတ်ပြီး ဝှေးစေ့တွေ လုံးလုံး ပျက်စီးသွားခြင်းကနေ ကာကွယ်နိုင်ဖို့ အချိန်မှီ လျင်မြန်စွာ ကုသရန် လိုအပ်ပါတယ်။

ဝှေးစေ့ကင်ဆာကြောင့် ဖြစ်တက်တဲ့ ဝှေးစေ့မှာ နာကျင်မှုကတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ ဝှေးစေ့ကင်ဆာဟာ များသောအားဖြင့် ဝှေးစေ့ပေါ်မှာ နာကျင်မှုမရှိတဲ့ အဖုအကြိတ်တွေကို ဖြစ်ပေါ်စေတက်ပြီး ကွီးတို့ရဲ့ အဖိုးတန် ရွှေဥလေး ရဲ့ အရေပြားတဝိုက်မှာ ဘယ်လို အဖုအကြိတ်ကိုမဆို စမ်းမိတွေ့မိတယ်ဆိုပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

Source : Healthline

Featured Photo : ER of Texas