ချစ်တင်းနှောခြင်းကနေ သာယာကောင်းမွန်တဲ့ အထိအတွေ့ ခံစားမှုတွေကို ရရှိစေတယ်ဆိုပေမယ့် ကံမကောင်းစွာနဲ့ပဲ တစ်ခါတစ်ရံမှာ ချစ်တင်းနှော မနှောခင် ဒါမှမဟုတ် ချစ်တင်းနှော နေစဉ် နဲ့ ချစ်တင်းနှောပြီး နောက်မှာ နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။ ဒါဟာ သိပ်တော့လည်း အထူးအဆန်း မဟုတ်ပါဘူး။ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ အခြေအနေအရပ်ရပ် ရှိတက်ပြီး ရောဂါပိုး ၊ ထိခိုက်ပွန်းပဲ့ ဒဏ်ရာ ၊ ဓာတ်မတည့်မှုနဲ့ အချို့သော ကျန်းမာရေးနောက်ခံ ပြဿနာတွေကြောင့် လိင်မှုဆိုင်ရာ နာကျင်မှု ဝေဒနာတွေကို ခံစားရနိုင်ခြေ တိုးလာစေနိုင်တာပါ။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှော ပြီးနောက်မှာ မသာမယာ ၊ မသက်မသာ နာကျင်မှုဝေဒနာတွေကို ခံစားရစေတက်တဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) သဘာဝချောဆီ အလုံအလောက် မထုတ်နိုင်ခြင်း

Lubrication

Photo : Lorijen Centar

ချစ်တင်းနှောနေစဉ် သို့မဟုတ် ချစ်တင်းနှော ပြီးနောက်မှာ နာကျင်မှုဝေဒနာကို ခံစားရစေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ချောဆီ အလုံအလောက် မရတာကြောင့်ပါ။ လိင်အင်္ဂါကနေ သဘာဝချောဆီ လုံလုံလောက်လောက် မထုတ်နိုင်တဲ့အခါ ထိုးသွင်းဆက်ဆံမှု ပြုလုပ်ချိန် ပွတ်တိုက်မှုကို ဖြစ်ပေါ်စေပြီး ပွန်းပဲ့ဒဏ်ရာ ၊ ရောင်ရမ်းတာ စတဲ့ ဒဏ်ရာ အနာတရတွေကို ရစေနိုင်ပြီး ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်ပေါ်စေတက်ပါတယ်။ အကယ်၍ သဘာဝချောဆီ ထုတ်လုပ်မှု နည်းနေတယ်ဆိုပါက နာကျင်မှုဝေဒနာကို ကာကွယ်နိုင်ဖို့ ရေအခြေခံ ချောဆီတွေကို အသုံးပြုပြီး ချစ်တင်းနှောနိုင်ပါတယ်။

(၂) လိင်စိတ်နိုးကြားမှု မရှိခြင်း

Couple Having Sex

Photo : Red magazine

ချစ်တင်းနှော တယ်ဆိုတာဟာ စိတ်ခံစားမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အမျိုးသားဖြစ်ဖြစ် ၊ အမျိုးသမီးဖြစ်ဖြစ် လူတစ်ဦးဟာ လိင်စိတ်နိုးကြားမှု လုံလုံလောက်လောက်မရှိပါပဲ ဒါမှမဟုတ် ချစ်တင်းနှောဖို့ စိတ်အဆင့်သင့် မဖြစ်ပါပဲနဲ့ ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်မယ်ဆိုရင် ချစ်တင်းနှောနေစဉ်အတွင်းမှာရော ချစ်တင်းနှောပြီးချိန်မှာပါ မသက်မသာ နာကျင်မှုဝေဒနာ ခံစားရနိုင်ခြေ ရှိပါတယ်။

(၃) ဒဏ်ရာဟောင်းများရှိခြင်း

injury

Photo : Forbes

ငယ်ငယ်က သို့မဟုတ် ယခင်က လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားဖူးတယ် ဒါမှမဟုတ် လိင်အင်္ဂါ ခွဲစိတ်ကုသမှု ခံယူထားတယ်ဆိုရင် လိင်အင်္ဂါမှာ ရှိတဲ့အရွတ်နဲ့ တစ်သျှူးတွေမှာ ဒဏ်ကျန်နေခဲ့ပြီး ချစ်တင်းနှော ရာမှာ နာကျင်ခြင်း သို့မဟုတ် မသက်မသာ ခံစားရတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ယခင်ဒဏ်ရာဟောင်းတွေကြောင့် ချစ်တင်းနှောချိန်မှာ သို့မဟုတ် ချစ်တင်းနှောပြီးတိုင်းမှာ နာကျင်မှုဝေဒနာ ခံစားနေရတယ်ဆိုရင်တော့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန် ပြသပြီး ဆွေးနွေးကုသမှု ခံယူနိုင်ပါတယ်။

(၄) Latex ဓာတ်မတည့်ခြင်း

Condom

Photo : Health

Latex ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာလည်း လိင်အင်္ဂါမှာ ပူစပ်ပူလောင် ခံစားရတာ ၊ ယားယံတာနဲ့ နာကျင်မှုဝေဒနာ ခံစားရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အကယ်၍ Latex ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်မှု ပြဿနာ ရှိတယ်ဆိုပါက Polyisoprene ကွန်ဒုံး ၊ Internal ကွန်းဒုံးနဲ့ Polyurethane ကွန်ဒုံးတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။

(၅) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ ခံစားနေရခြင်း

Sexually Transmitted Diseases (Stds)
Photo : Prince George Citizen

Sexually Transmitted Diseases (Stds) လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ရှိနေတယ်ဆိုရင်လည်း ချစ်တင်းနှော မနှောခင် ဒါမှမဟုတ် ချစ်တင်းနှောနေစဉ် နဲ့ ချစ်တင်းနှောပြီး နောက်မှာ နာကျင်မှုဝေဒနာ ခံစားရတက်ပါတယ်။ ကလဲမိုက်ဒီးယား ၊ ဆီးပူညောင်းကျရောဂါ ၊ လိင်အင်္ဂါ ရေယုန် ၊ HPV နဲ့ ဆစ်ဖလစ် အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ အများကြီး ပါဝင်ပြီး အချို့ရောဂါတွေဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေပြပေမယ့် အချို့ရောဂါတွေကတော့ လက္ခဏာ ပေါ်ပေါ်လွင်လွင် မပြတာကြောင့် ကုသမှုမရှိပဲ ထားပါက ချစ်တင်းနှောချိန်မှာ နာကျင်မှုဝေဒနာ ခံစားရရုံသာမက လိင်မှုဘဝ ဆိုးကျိုးတွေနဲ့ မျိုးမပွားနိုင်ခြင်းကဲ့သို့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Source : MedicalNewsToday

Featured Photo : MedicalNewsToday