ဘေးကင်းလုံခြုံမှု ရှိတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ချစ်တင်းနှောတိုင်းမှာ ကွန်ဒုံးတွေကို အသုံးပြုကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံး လိုက်နာရှောင်ကြဉ်ရမယ့် အချက်တစ်ခုကတော့ ကွန်ဒုံးတွေကို နည်းစနစ်တကျ အသုံးပြုဖို့ပါ။ နည်းမှန်လမ်းမှန်နဲ့ အသုံးပြုမှသာ ကွန်ဒုံးရဲ့ အကျိုးအာနိသင်ကို ကောင်းစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ နည်းစနစ်တကျအသုံးပြုနည်းတွေထဲမှာ ကွန်ဒုံးတွေရဲ့ သက်တမ်းကို စစ်ဆေးဖို့ကလည်း အဓိကအချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ သက်တမ်းလွန်နေတဲ့ ကွိုင် တွေကို အသုံးပြုမိမယ်ဆိုရင်တော့ အခုပြောပြမယ့် ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

(၁) အာနိသင် လျော့နေတက်တဲ့အတွက် အန္တရာယ်ရှိတယ်

condoms
Photo : Women’s Health

ကွန်ဒုံးတွေဟာ ပုံမှန်အားဖြင့် နှစ်ရှည်ခံအောင် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် Expire ဖြစ်နေတဲ့ ကွိုင် တွေမှာတော့ အကျိုးအာနိသင်က သိသိသာသာ လျော့ကျနေတက်ပါတယ်။ ဆိုလိုတာက ကိုယ်ဝန် ဒါမှမဟုတ် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါ အန္တရာယ်တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း မရှိတော့ပဲ အကျိုးအာနိသင် လျော့သွားတာပါ။ ဒါက သင်ရော သင့်ပါတနာအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

(၂) ပေါက်ပြဲလွယ်တယ်

expired condoms
Photo : Phoenix | Canada’s Digital Health Clinic

ရက်လွန် ကွန်ဒုံးတွေဟာ ဆွေးမြည့်ပြီး အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ဒါက ချစ်တင်းနှော ချိန်မှာ လုံခြုံစိတ်ချမှုမရှိတဲ့ အခြေအနေကို ဦးတည်နေတာ ဖြစ်ပါတယ်။ အသုံးပြုသင့်တဲ့ ရက်ထက်ကျော်လွန်သွားတဲ့ ကွိုင် တွေဟာဆိုရင် ၎င်း ကွန်ဒုံးတွေကို ထုတ်လုပ်ဖန်တီးထားတဲ့ သားရေနဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ခံနိုင်စွမ်းအား ၊ အကျိုးအာနိသင်ဟာ လျော့ကျသွားပြီ ဖြစ်တာကြောင့် ချစ်တင်းနှော ချိန်မှာ အလွယ်တကူပဲ ပေါက်ပြဲသွားနိုင်ခြေ များတာ ဖြစ်ပါတယ်။

(၃) ချောဆီခမ်းသွားနိုင်တယ်

expired condoms
Photo : Men’s Health

ကွန်ဒုံးတွေမှာ ချောဆီပါဝင်မှု ရှိပါတယ်။ အကယ်၍ ကွန်ဒုံးတွေဟာ ရက်လွန်နေပြီဆိုရင်တော့ ချောဆီခမ်းခြောက်တာ ၊ ချောဆီလုံးဝမရှိတော့တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးတွေမှာ ချောဆီခမ်းခြောက်နေတဲ့အခါ ချစ်တင်းနှော ချိန်မှာ သက်တောင့်သက်သာ မရှိစေတော့ပဲ ပွတ်တိုက်မှုကြောင့် လိင်အင်္ဂါ အရေပြား ပွန်းပဲ့တာ ၊ နာကျင်တာတွေအပြင် ကွန်ဒုံးပေါက်ပြဲနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။

(၄) ဘက်တီးရီးယားပိုးဝင်နိုင်တယ်

condoms
Photo : Verywell Health

အသုံးပြုသင့်တဲ့ သက်တမ်းကာလထက် ကျော်လွန်လာပြီဆိုရင် ကွန်ဒုံးတွေဟာ အကောင်းအတိုင်း ရှိတော့မှာမဟုတ်ပဲ ထားသိုတဲ့ နေရာအနေအထားအပေါ်မူတည်ကာ မှိုနဲ့ ဘက်တီးရီးယားတွေ ကပ်တွယ်ပေါက်ဖွား နိုင်ခြေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။ အညစ်အကြေးတွေ ၊ သို့မဟုတ် မှိုနဲ့ ဘက်တီးရီးယားတွေ ကပ်တွယ်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် လိင်အင်္ဂါ ပိုးဝင်ခြင်း ၊ ဓာတ်မတည့်ခြင်းနဲ့ အခြား ကူးစက်ရောဂါပိုးတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

(၅) အနံ့အသက်ဆိုးတွေ ထွက်နိုင်တယ်

expired condoms

Photo : Boston University

သက်တမ်းကုန်ဆုံးနေတဲ့ ကွိုင်တွေကို အသုံးမပြုသင့်တဲ့ အကြောင်းအရင်းတွေထဲက နောက်ထပ်တစ်ခုကတော့ အနံ့အသက်ဆိုးတွေ ထွက်ပေါ်စေနိုင်တာပါ။ အနံ့အရသာ ပါဝင်တဲ့ ကွန်ဒုံးတွေ ဒါမှမဟုတ် ပုံမှန် ထိုးသွင်းဆက်ဆံဖို့အတွက် ထုတ်ထုတ်ထားတဲ့ ကွန်ဒုံးတွေအားလုံးဟာ ဒိတ်လွန်သွားရင် အရောင်နဲ့ အနံ့တွေ ပြောင်းလဲသွားတက်ပါတယ်။ ဆိုးရွားတဲ့ အနံ့အသက်တွေ ထွက်ပေါ်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုခြင်းက လိင်စိတ်တက်ကြွမှုကို ကျဆင်းစေနိုင်သလို တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ်လည်း ဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Health Digest