စက်ဘီးနင်းခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး အပါအဝင် ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျစ်လစ်ကြံ့ခိုင်မှုအတွက် ကောင်းကျိုးများစွာ ပေးစွမ်းတဲ့ အေရိုးဗစ် လှုပ်ရှားမှု လေ့ကျင့် ခန်းတစ်ခုလို့ သိထားကြပါတယ်။ သို့သော်လည်း စက်ဘီး အလွန်အကျွံနင်းတဲ့ အမျိုးသားတွေမှာတော့ လိင်မှုဆိုင်ရာနဲ့ မျိုးပွားမှု ကျန်းမာရေးတွေနဲ့ သက်ဆိုင်တဲ့ သုတ်ပိုး အရေအတွက်ကို ကျဆင်းစေတက်တယ်လို့ လေ့လာမှုအချို့က ဆိုထားပါတယ်။ တကယ်ပဲ စက်ဘီးနင်း ခြင်းနဲ့ သုတ်ပိုး အရေအတွက် ကျဆင်းမှုဟာ ဆက်စပ်မှု ရှိနေတာပါလား ? ဒါနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးလေးမှာ ရှင်းလင်းတင်ပြပေးပါမယ်။

Sperm Count

Photo : Kidspot

သိပ္ပံပညာရပ်ရဲ့ လေ့လာဆန်းစစ်မှုတွေအရတော့ နာရီပေါင်းများစွာ စက်ဘီးအပြင်းအထန်နင်းသူတွေမှာ မျိုးပွားမှု ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာအချို့ ရှိနိုင်ဖို့ ဖော်ပြထားပါတယ်။ Boston University က ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းတစ်စောင်ရဲ့ ကိုးကားဖော်ပြချက်အရ မျိုးပွားမှု ပြဿနာ ရှိနေတဲ့ အမျိုးသားပေါင်း ၂၂၀၀ ခန့်ကို လေ့လာမှု လုပ်ခဲ့ရာမှာ တစ်ပတ်လျှင် အနည်းဆုံး ၅ နာရီနဲ့ အထက် စက်ဘီးနင်း သူတွေဟာ အခြား လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသားတွေ ဒါမှမဟုတ် လေ့ကျင့်ခန်းမလုပ်တဲ့ အမျိုးသားတွေထက် သုတ်ပိုးအရေအတွက် လျှော့နည်းတာကို တွေ့ရပြီး လှုပ်ရှားမှုလုံးဝမရှိတဲ့ အမျိုးသားတွေထက်ပင် သုတ်ပိုး ထုတ်လုပ်မှု ပမာဏနည်းနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

သုတ်ပိုးထုတ်လုပ်မှုဟာ ခန္ဓာကိုယ် အပူချိန်နဲ့ အဓိက သက်ဆိုင်နေပြီး ခန္ဓာကိုယ် အပူချိန်မြင့်တက်နေပါက သုတ်ပိုးထုတ်လုပ်မှု လုပ်ငန်းစဉ်ကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ နားလည်အောင် ပြောရရင်တော့ အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ထက် အနည်းငယ် ပိုလျော့နည်းတဲ့ အပူချိန်အတိုင်းအတာအတွင်းမှာ ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

အကယ်၍ ခန္ဓာကိုယ်ကို နာရီပေါင်းများစွာ လှုပ်ရှားမှု လုပ်ဆောင်စေခိုင်းမယ် ဆိုရင်တော့ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်တက်နေမှာဖြစ်ပြီး သုတ်ပိုး ထုတ်လုပ်မှုမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ စက်ဘီးနင်းဟာ အမျိုးသားတွေရဲ့ ကပ်ပယ်အိတ် အတွင်းပိုင်း အပူချိန်ကို တိုးလာစေနိုင်သလို စက်ဘီးစီးခြင်းကြောင့် ဝှေ့စေ့နဲ့ လိင်အင်္ဂါတဝိုက် ထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုများတဲ့အတွက် သုတ်ပိုးထုတ်လုပ်မှုမှာ ပြဿနာရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

Sperm Count

Photo : Northwoods Urology

American Journal of Men’s Health ကနေထုတ်ဝေတဲ့ ကျန်းမာရေး စာတမ်းတစောင်မှာလည်း အမျိုးသားတွေအနေနဲ့ ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်နိုင်ဖို့ ကပ်ပယ်အိတ် အပူချိန်ကိုလျော့ချဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ အဆိုပါ လေ့လာသုံးသပ်မှုတွေကို ကြည့်ခြင်းအားဖြင့် နာရီပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာ အထူးသဖြင့် နာရီပေါင်းများစွာ စက်ဘီးနင်းခြင်းဟာ သုတ်ပိုး အရည်အသွေးကို ညံ့ဖျင်းစေနိုင်သလို သုတ်ပိုး အရေအတွက်ကိုလည်း ကျဆင်းစေနိုင်တဲ့ ဆက်စပ်မှုတွေ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။

မျိုးဆက်ပွား ဆေးပညာရှင်တွေအနေနဲ့တော့ စက်ဘီးနင်း ခြင်းနဲ့ သုတ်ပိုးအရေအတွက် ကျဆင်းမှုဟာ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ တိကျတဲ့ အဖြေမျိုးတော့ ထုတ်ပေးမထားပါဘူး။ စက်ဘီးထိုင်ခုံပေါ်မှာ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးနေတဲ့ အမျိုးသားတွေအနေနဲ့ သုတ်ပိုးအရေအတွက် လျော့နည်းနိုင်ကြောင်း လေ့လာမှုအချို့မှာ ဖော်ပြထားပေမယ့်လည်း သုတေသနပြုချက်တွေ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အကောင်းဆုံး အကြံပေးရမယ်ဆိုရင်တော့ စက်ဘီးနင်း အားကစားကို ကြိုက်နှစ်သက် လုပ်ဆောင်နေတဲ့ အမျိုးသားတွေအနေနဲ့ တစ်နေ့လျှင် ၂ နာရီထက်မပိုပဲ စီးသင့်ပါတယ်။

Sperm Count

Photo : HSC News

American Heart Association ရဲ့အဆိုအရလည်း တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းအစီအစဉ်ကို ၅ ကြိမ် ဝန်းကျင်ခန့်သာ ပြုလုပ်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ ကလေးယူဖို့ စဉ်းစားနေတယ် ကလေးရဖို့ ကြိုးစားနေတဲ့ ဖခင်တွေမှာဆိုရင် စက်ဘီးနင်း တဲ့ အချိန်ပမဏကို လျှော့ချဖို့ အကြံပေးချင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အပူချိန်ကို တက်စေမယ့် ပြင်းပြင်းထန်ထန် အားကစားနည်းတွေ ၊ လေ့ကျင့်ခန်း အစီအစဉ်တွေကို နာရီပေါင်းများစွာ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

Source : Orlando Health

Featured Photo : HerFamily