Pai (ပိုင်) ဆိုတဲ့ နာမည် တစ်လုံးတည်းနဲ့ မြို့လေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ပျော်စရာတွေ ပေါင်းဆုံနေတဲ့ ချစ်စရာ မြို့လေး တစ်မြို့ပါ။ နာမည်ကြီး ရေပူစမ်းတွေ ၊ ထူးခြားတဲ့ ကော်ဖီလေးတွေ ၊ သဘာဝ ရှုခင်းအလှတွေ ၊ အနားယူ အပန်းဖြေစရာ နေရာတွေနဲ့ လည်ပတ်စရာတွေ ပေါတဲ့ Pai (ပိုင်) မြို့ လေးဟာ လက်ရှိ ခရီးသွားချစ်သူ Backpackers တွေ ကြားမှာတော့ တော်တော်လေး နာမည်ကြီး ရေပန်းစား နေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Pai (ပိုင်) မြို့ကို မရောက်ဖူးသေးလို့ သွားရောက်လည်ပတ်ချင်တဲ့ ကွီးတို့အတွက် ဘယ်နေရာတွေ အဓိက သွားရောက်သင့်လဲဆိုတာ ညွှန်ပြပေးပါမယ်။
(၁) Pai Canyon

Photo : Jonny Melon
Pai (ပိုင်) မြို့ နဲ့ မနီးမဝေးက Pai Canyon ဒေသဟာ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ၊ ပျော်စရာကောင်းတဲ့ တောင်တက်ခရီးစဉ်တွေနဲ့ သဘာဝအလှတရားကို ကောင်းကောင်းကြီး ခံစားလို့ ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ သဘာဝနဲ့အတူ စွန့်စွန့်စားစား ခရီးသွားချင်သူတွေ Try သင့်တဲ့ နေရာတစ်ခု ဖြစ်သလို Pai Canyon တောင်ထိပ်က အရောင်အသွေးစုံလှတဲ့ ကောင်းကင်ကြီးအောက်မှာ ထိုင်ရင်း ဘီယာအေးအေးလေးတစ်ခွက်နဲ့ ညနေခင်း နေဝင်ဆည်းဆာကို ဖြတ်သန်းရတာကလည်း လုံးဝအမိုက်စား အတွေ့အကြုံကို ရရှိခံစားရစေမှာ ဖြစ်ပါတယ်။
(၂) Street Night Market

Photo : motorbike rental in Chiang Mai
ထိုင်းနိုင်ငံ တဝှမ်းက Street Night Market တွေကတော့ ခရီးသွားချစ်သူတွေကြားမှာ နာမည်ကြီး ပြီးသားပါပဲ။ Pai (ပိုင်) မြို့ ရဲ့ လမ်းလျှောက်ညဈေးတန်းဟာ အခြားညဈေးတွေထက် ထူးခြားတာကြောင့် သေချာပေါက်ကို လည်ပတ်သင့်ပါတယ်။ လမ်းမတန်းတစ်လျှောက် ဟစ်ပီအဝတ်အစားနဲ့ အသုံးအဆောင်တွေ ရောင်းချနေတဲ့ ဆိုင်ခန်းတွေကို တွေ့မြင်ရမှာဖြစ်သလို အစားအသောက်ချစ်သူတွေအတွက်လည်း ထိုင်းလမ်းဘေး အစားအစာတွေတင်မကပဲ ဆူရှီ ၊ အိန္ဒိယအစားအစာ ၊ အသားကင် ၊ အကြော်တွေနဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ အပါအဝင် အရသာရှိတဲ့ အစားအသောက်တွေ ရွေးချယ်စရာအတော်လေး စုံစုံလင်လင် တည်ခင်းရောင်းချနေကြတဲ့အတွက် ရှောပင်ထွက်ချင်သူတွေ ၊ မုန့်ပတ်စားချင်သူတွေ အနေနဲ့တော့ လုံးဝအကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။
(၃) Pam Bok Waterfall နဲ့ Tha Pai Hot Springs

Photo : Thailand Magazine
Pai (ပိုင်) မြို့ ရဲ့ ခရီးသွားတွေအပေါ် အဆွဲအဆောင်နိုင်ဆုံး နေရာတွေထဲက တစ်ခုကတော့ လှပတဲ့ ရေတံခွန်တွေပါပဲ။ ရာသီဥတု ပူပြင်းတဲ့ ကာလတွေမှာ ရေတံခွန်တွေဆီ သွားရောက်လည်ပတ် အပန်းဖြေတာဟာ အကောင်းဆုံး အကြံတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီထဲမှာ Pam Bok Waterfall ကတော့ ခရီးတိုတိုနဲ့ သွားလို့အဆင်ပြေပြီး လှပတဲ့ သဘာဝကျောက်ဆောင်တွေကြားမှာ စိတ်ရောကိုယ်ပါ အေးချမ်းစေမယ့် ဇိမ်ကျကျ အနားယူ အပန်းဖြေစရာ နေရာကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ရေတံခွန်တွေအပြင် Tha Pai ရေပူစမ်း ၊ Pam Bok ရေတံခွန် ရေတံခွန်ဆီ သွားရာလမ်းပေါ်မှာ တည်ရှိတဲ့ နာမည်ကြီး Pai Land Split နဲ့ White Buddha လို့ လူသိများတဲ့ မြို့နဲ့ ၂ ကီလိုမီတာသာ ဝေးတဲ့ တောင်ထိပ်ဖျားက Wat Phra That Mae Yen ထိုင်တော်မူ ဘုရားကြီးဆီလည်း သွားရောက်လည်ပတ်ရင်း စိတ်ငြိမ်အေးချမ်းမှုတွေကို ရှာဖွေလို့ ရပါတယ်။
(၄) Unique Cafes

Photo : Kate Was Here.com
Backpackers တွေကြားမှာ Pai (ပိုင်) မြို့ လေးနဲ့တွဲပြီး နာမည်ကြီးတာကတော့ ထူးခြားတဲ့ ကော်ဖီဆိုင်တွေပါ။ ကော်ဖီကောင်းကောင်း ကြိုက်သူတွေ အတွက်တော့ ဒီမြို့လေးဟာ တကယ့်ကို နိဗ္ဗာန်ဘုံ တစ်ခုလိုပါပဲ။ မြို့တွင်းနဲ့ မြို့ပြင် နေရာတိုင်းလိုလိုမှာ လက်ညိုးထိုးမလွဲ ကော်ဖီဆိုင်တွေ အများကြီး ရှိပြီး ကော်ဖီဆိုင်တိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားမှုလေးတွေ ကိုယ်စီနဲ့ ကော်ဖီချစ်သူတွေကို လုံးဝဆွဲဆောင်နေတာ ဖြစ်ပါတယ်။ ကော်ဖီတွေကောင်းသလို အစားအသောက်တွေကလည်း လုံးဝရှယ်ပါ။ စာရေးသူအနေနဲ့ ညွှန်းပေးချင်တဲ့ ကော်ဖီဆိုင်လေးကတော့ မြို့ပြင်ဘက်မှာရှိတဲ့ Container Cafe ဆိုတဲ့ ဆိုင်လေးပါ။ ကော်ဖီကောင်း တစ်ခွက်နဲ့အတူ လှပတဲ့ ရှုခင်းအလှတွေက ပြီးပြည့်စုံတဲ့ အမှတ်ရဖွယ် အခိုက်အတန့်ကောင်း တစ်ခုကို ဖန်တီးပေးနိုင်မှာ သေချာပါတယ်။
Source : NOMADasaurus
Featured Photo : BucketListly Blog
