တိုးတက်စည်ကား လှပါတယ်ဆိုတဲ့ မြို့ကြီးပြကြီးတွေမှာ နေ့စဉ် ရုန်းကန်လှုပ်ရှား နေရသူတွေအဖို့ ကျေးလက်နဲ့ သဘာဝတောတောင် ရှုခင်းတွေဟာ ရွှေထက်ပိုမက်မောတဲ့ အရာလို့ ပြောရင် မှားနိုင်မယ် မထင်ပါဘူး။ တစ်ခါတစ်ရံမှာ မြို့ပြ ရဲ့ ပိတ်လှောင် မွန်းကြပ်မှုတွေနဲ့ ဝေးရာ အေးချမ်းတဲ့ နေရာဒေသလေးတွေ ခရီးထွက်ရတာဟာ အင်မတန်မှ စိတ်သက်သာရာ ရစေသလို စိတ်ရောကိုယ်ပါ အေးချမ်းမှုကို ရရှိပိုင်ဆိုင်စေတာ အမှန်ပါ။ ဒီလို မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ ဝေးရာ သာယာအေးချမ်းတဲ့ သဘာဝရေမြေ တောတောင်ရှုခင်း အလှတွေကြားမှာ အနားယူအပန်းဖြေချင်တဲ့ ခရီးသွားချစ်သူ ကွီးတို့အတွက် သေချာပေါက် သွားလည်သင့်တဲ့ နိုင်ငံငယ်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကမ္ဘာပေါ်က အေးချမ်းဆုံးနဲ့ အသေးဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဘူတန်နိုင်ငံပါ။ ဒီဆောင်းပါးလေးမှာတော့ သဘာဝ အလှတရားတွေနဲ့ ပြည့်နှက်နေပြီး ရင်သပ်ရှုမောဖွယ် ဟိမဝန္တာရှုခင်း အလှတွေနဲ့ နာမည်ကြီးတဲ့ ဘူတန်နိုင်ငံထဲက လည်ပတ်စရာ နေရာလေးတွေကို ညွှန်းပေးပါမယ်။

(၁) Tiger’s Nest (Paro Taktsang)

Tiger's Nest (Paro Taktsang)
Photo : Bhutan Peaceful Tours & Treks

Paro Taktsang လို့ခေါ်တဲ့ Tiger’s Nest ဘုန်းတော်ကြီးကျောင်းဟာ ဘူတန်နိုင်ငံထဲက အထင်ရှားဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ Paro တောင်ကြားထဲက တောင်စွယ်တောင်စွန်းတွေရဲ့အထက် အမြင့်ပေ မီတာ ၉၀၀ အကွာမှာ အံ့ဩဖွယ် တည်ရှိနေတာ ဖြစ်ပြီး ရှေးဟောင်းဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အံ့ဖွယ်သမိုင်းဝင် ‌ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းရဲ့ ဘေးပတ်ပတ်လည်မှာ မျက်စိတဆုံး လှပလွန်းလှတဲ့ တောင်တန်းကြီးတွေ ၊ စိမ်းစိုသာယာတဲ့ တောအုပ်တွေနဲ့ ဝန်းရံထားတဲ့အတွက် မြို့ပြ ရဲ့ မွန်းကြပ်တွေနဲ့အဝေးမှာ အေးအေးချမ်းချမ်း အနားယူချင်တဲ့ ခရီးသွားချစ်သူတွေ လုံးဝနှစ်ခြိုက် သဘောကျမိမှာ သေချာပါတယ်။

(၂) Haa Valley

Haa Valley

Photo : Holidify

Haa Valley ဆိုတာ ဘူတန်နိုင်ငံထဲက အသေးဆုံး Dzongkhang (ခရိုင်) ထဲမှာ ပါဝင်ပြီး Paro ပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့အလှဆုံး နေရာတွေထဲကတစ်ခု ဖြစ်ပါတယ်။ သဘာဝတရားနဲ့ နီးနီးကပ်ကပ် ထိတွေ့ရတာ ကြိုက်နှစ်သက်သူတွေ တော်တော်လေး သဘောကျမိမယ့် အံ့ဖွယ်နေရာလေး တစ်ခုပါ။ သာယာလှပတဲ့ တောင်တန်းနဲ့ တောအုပ်တွေကြား Hiking လုပ်နိုင်သလို ကျေးလက်ဒေသထွက် အစားအစာတွေကို မြည်းစမ်းရင် အနှစ်ကျကျ ဖြတ်သန်းနိုင်ပါတယ်။ ဒါထက်ပိုပြီး ထူးခြားတာတစ်ခုက Haa Valley ဟာ Blue Poppy (Meconopsis Superba) လို့ခေါ်တဲ့ ခရမ်းရောင်ပန်းကို ရှာတွေ့နိုင်မယ့် ကမ္ဘာပေါ်က တစ်ခုတည်းသော နေရာလည်း ဖြစ်ပါတယ်။

(၃) Chele La Pass

chele la pass

Photo : Timbuktu Travel

ဘူတန်နိုင်ငံရဲ့ ရှုမဆုံးလှတဲ့ သဘာဝတောတောင်အလှတွေကို မြင်ကွင်းကျယ်ကျယ် ကြည့်ရှုခံစားရင်း ဖြတ်သန်းနိုင်မယ့် တစ်ခုတည်းသော နေရာပါ။ Chele La Pass ဟာ Paro နဲ့ Haa တောင်တန်းတွေကြား ပေ ၁၃,၀၀၀ ခန့် အမြင့်မှာရှိတဲ့ ဘူတန်ရဲ့ အမြင့်ဆုံး မော်တော်ကားလမ်း ပေါက်တဲ့ Viewpoint နေရာတစ်ခု ဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ ဟိမဝန္တာရှုခင်း အလှတွေကို ခံစားမြင်တွေ့နိုင်မှာဖြစ်ပြီး အထူးသဖြင့် အမြင့်ပေ ၂၂,၀၀၀ အထက်မှာ ရှိတဲ့ ဘူတန်ရဲ့ အမြင့်ဆုံးတောင် Jhomolari တောင် အပါအဝင် Tsherimgang တောင် ၊ Jichu Drake တောင်နဲ့ Paro ၊ Haa ပြည်နယ်တွေက သဘာဝရှုခင်း အလှတွေကိုပါ မြင်တွေ့နိုင်မယ့် အထူးခြားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။

(၄) Mongar

Mongar

Photo : Mongar Dzongkhag

Mongar ဟာ ဘူတန်နိုင်ငံ အရှေ့ပိုင်းမှာ တည်ရှိတဲ့ ချစ်စရာ မြို့ငယ်လေး တစ်မြို့ ဖြစ်ပါတယ်။ ဒီမြို့လေးဟာ စပါးလင် စိုက်ခင်းတွေကြောင့် နာမည်ကြီးပြီး နိုင်ငံအတွင်းက ရှေးအကျဆုံးသော ပညာရေးစင်တာကြီးတစ်ခု တည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ မြို့နေ လူဦးရေဟာ ၄ သောင်း ဝန်းကျင်ခန့်သာရှိပြီး ဘူတန်နိုင်ငံထဲမှာတော့ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထား ရပါတယ်။ မြို့ပြ လို ရှုပ်ရှက်ခပ်နေတဲ့ လူနေမှုပုံစံတွေ မြင်တွေ့ရမှာ မဟုတ်ပဲ အေးချမ်းတည်ငြိမ်မှုတွေနဲ့အတူ တောင်တန်းတွေ ဝန်းရံထားတဲ့ ချစ်စရာမြို့ငယ်လေးပါ။ ဘူတန်ရဲ့ ရှေးခေတ်ရိုးရာ ဗိသုကာလက်ရာ အအောက်အအုံ့တွေကို မြင်တွေ့ရမှာဖြစ်ပြီး စာရေးသူတို့ နိုင်ငံမှာဆိုရင် အေးချမ်းသာယာလှတဲ့ ကလောမြို့လေးနဲ့ ဆင်တူတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Source : Holidify

Featured Photo : Wander On