အုန်းဆီကို သဘာဝခေါင်းလိမ်းဆီအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အုန်းဆီ ဟာ ဆံကေသာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ဖြည့်တင်းပေးတဲ့ သဘာဝအဆီတစ်မျိုးဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခေါင်းမှာ အုန်းဆီခပ်များများ လိမ်းထားလိုက်ပြီဆိုရင် ဖုန်မှုန့်နဲ့ ပြင်ပက အညစ်အကြေးတွေ ပိုမိုစုဝေးနိုင်တယ် ဆိုတာကိုလည်း သတိပြုရပါမယ်။ အဆီနဲ့ အညစ်အကြေးတွေ ရောထွေးစုံပြုံလာတဲ့အခါ ဦးရေပြား မွှေးညင်းပေါက်တွေ ပိတ်ဆို့စေပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Coconut Oil

Photo : MensXP

အုန်းဆီ ပုံမှန်လိမ်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့

  • ဦးရေပြား အဆီပြန်ခြင်းကို ဖြစ်စေနိုင်တယ်
  • ဦးရေပြား မွှေးညင်းပေါက်တွေ ပိတ်ဆို့စေပြီး ဆံပင်ကျွတ်စေနိုင်တယ်
  • ဖုန်နဲ့ အညစ်အကြေးတွေ ပိုမိုစုဝေးပြီး ဗောက်ပိုထစေနိုင်တယ်

ဒီလို ဆံပင်နဲ့ ဦးရေပြား ဆိုင်ရာ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက်ဆို အုန်းဆီ လိမ်းပြီးတဲ့အခါ ပုံမှန် ဦးရေပြားနဲ့ ဆံသားပေါ်မှာ ကပ်ညှိတွယ်နေတဲ့ အုန်းဆီတွေကို ပြောင်စင်အောင် ပြန်လည်သန့်ရှင်းရေး သေချာလုပ်ပေးဖို့ပါပဲ။ နေ့တိုင်း ပုံမှန် အုန်းဆီသုံးဖြစ်တဲ့ သူဆိုရင် ၃ ရက်တစ်ကြိမ် ဒါမှမဟုတ် ၁ ပတ်လျှင် ၂ ကြိမ်ခန့်လောက် ဦးရေပြားနဲ့ ဆံသားသန့်ရှင်းရေးကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဆက်လက်ပြီး ဦးရေပြားနဲ့ ဆံသားပေါ်က အုန်းဆီတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သန့်စင်အောင် သန့်ရှင်းရေး လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Coconut Oil

Photo : MensXP

ဆီစုပ်စက္ကူ – ဦးရေပြားပေါ်က အုန်းဆီတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဆီစုပ်စက္ကူကို အသုံးပြုနိုင်ပါတယ်။ ခေါင်းမလျှော်ခင် ၁၅ မိနစ်လောက်အလိုမှာ ဆီစုပ်စက္ကူကို ဦးရေပြားပေါ် လိုက်လံဖိကပ်ပေးပါ။ လိမ်းထားတဲ့ အုန်းဆီ ပမာဏ များရင်များသလို ဆီစုပ်စက္ကူမှာ ဆီတွေကပ်လာပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ တစ်နေရာချင်းစီ ဆီစုပ်စက္ကူနဲ့ သေချာလေး လိုက်ဖိပြီး အုန်းဆီတွေကို ဖယ်ရှားနိုင်ပါတယ်။

အရက် – အုန်းဆီကို နိုင်တဲ့ ဆရာတစ်ပါးကတော့ အယ်လ်ကိုဟောပါ။ ဗော့ဒ်ကာ သို့မဟုတ် ဂျင်တစ်ခွက်ကို ရေနှစ်ခွက်နဲ့ ရောပြီး ဦးရေပြားအနှံ့ လိမ်းပေးလို့ ရပါတယ်။ ၁၅ – ၂၀ မိနစ်လောက်ထားပြီးရင်တော့ ရိုးရိုးရေနဲ့ ဆေးချလိုက်ပါ။

ကြက်ဥအကာ – ကြက်ဥအကာဟာ ဆံသားပေါ်က အုန်းဆီ တွေကို ဆေးကြောသန့်စင်ရာမှာ အလွန်ထိရောက်ပါတယ်။ ကြက်ဥအကာ ၁ လုံးကို ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

မုန့်ဖုတ်ဆိုဒါ – မုန့်ဖုတ်ဆိုဒါဟာ ဆံသားနဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားဖို့အတွက် လူသုံးအများဆုံး အိမ်တွင်းဆေး တစ်လက်ပါပဲ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ အနည်းငယ်နဲ့ ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားပေါ် အနှံ့လိမ်းကာ ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်အထိ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

အထက်ပါ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်း နည်းလမ်းလေးတွေ အသုံးပြုပြီး ဆံပင်နဲ့ ဦးရေပြားပေါ်က အဆီတွေကို ၁ ပတ်လျှင် ၂ ကြိမ်ခန့် ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။

Source : Stylecraze

Featured Photo : Mosh