လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ သွေးတိုးရောဂါ ဟာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူသေဆုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းကျော်ဟာ သွေးတိုးရောဂါကြောင့်လို့ ဖော်ပြထားပါတယ်။ သွေးတိုးရောဂါဟာ လက္ခဏာကြီးကြီးမား မပြပေမယ့် သွေးပေါင်ချိန် မြင့်တက်ခြင်း ၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းကဲ့သို့ ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အသံတိတ် လူသတ်သမား ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်းဟာ ဦးနှောက် သွေးယိုခြင်း ၊ မှတ်ဉာဏ် ကျဆင်းခြင်းနဲ့ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဆေးဝါးတွေနဲ့ သွေးပေါင်ချိန် ကျဆင်းအောင် လုပ်ဆောင်နိုင်ပေမယ့် ရေရှည်မှာ ကြွက်တက်ခြင်း ၊ မူးဝေခြင်းနဲ့ အိပ်မပျော်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း သတိထားဖို့ လိုပါမယ်။ သတင်းကောင်းကတော့ သွေးပေါင်ချိန် ကျဆင်းအောင် လုပ်ဆောင်နိုင်တဲ့ သဘာဝနည်းလမ်းတွေ ရှိနေတာပါ။ ဒီတစ်ခေါက်မှာ သဘာဝအတိုင်း သွေးပေါင်ချိန် ကျဆင်းအောင် ကွီးတို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Workout

Photo : Men’s Health

သွေးတိုးရောဂါ ကို ကာကွယ်တားဆီးဖို့နဲ့ နှလုံးကို ကျန်းမာစေမယ့် အကောင်းဆုံး သဘာဝနည်းလမ်း တစ်ခုကတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှလုံးကို အောက်ဆီဂျင် ပိုမိုရရှိအောင် ကူညီပေးပြီး သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သွေးပေါင်ချိန် ၆ mmHg နဲ့ ၈ mmHg ကြား ကျဆင်းစေပြီး သွေးပေါင်ချိန်ကို မှန်ကန်စေဖို့ ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။

(၂) ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ

Potassium Rich Foods

Photo : The Nutrition Source – Harvard University

ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများ စားသုံးပေးတာဟာ သွေးပေါင်ချိန်ကို ကျဆင်းစေမယ့် အကောင်းဆုံး နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ကန်စွန်းဥ ၊ ခရမ်းချဉ်သီး ၊ လိမ္မော်ရည် ၊ အာလူး ၊ ငှက်ပျောသီး ၊ ပဲနီလေး ၊ စားတော်ပဲ ၊ သခွားမွှေးနဲ့ သစ်သီးခြောက်တွေမှာ ပိုတက်စီယမ်ဓာတ် ပေါပေါများများ ရနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်နေ့လျှင် ပိုတက်စီယမ် ၄,၇၀၀ မီလီဂရမ်ခန့် စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၃) ဆေးဖြစ်ဝါးဖြစ် မှီဝဲပါ

Drink (a little) alcohol

Photo : New Scientist

အယ်လ်ကိုဟောဟာ သုံးတက်ရင် ဆေးပါ။ လေ့လာမှုအချို့ရဲ့ ဖော်ပြချက်အရ အရက်ပမာဏ အနည်းငယ်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲသူတွေဟာ အရက်လုံးဝ မသောက်သူတွေထက် သွေးပေါင်ချိန် ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာ ၁၂ အောင်စ ၊ ဝိုင် ၅ အောင်စ သို့မဟုတ် ဝီစကီ ၁.၅ အောင်စဟာ သွေးပေါင်ချိန် ကျဆင်းစေဖို့အတွက် အထောက်အကူပြုတဲ့ တစ်ရက်တာ သောက်သုံးရမယ့် ပမဏ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးသောက်သုံးခြင်းဟာ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပြီး အရက်အလွန်အကျွံ သောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်ဖို့ လိုပါမယ်။

(၄) ဆားစားသုံးမှုကို လျှော့ချပါ

Hold off on the salt

Photo : The Conscientious Mind

ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓာတ် မြင့်မားနေခြင်းဟာ သွေးပေါင်ချိန်ကို တက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အငန်ဓာတ်များတဲ့ အစားအစာတွေ ၊ ပြုပြင်ထားတဲ့ အသားတွေ ၊ အေးခဲ အစားအစာတွေမှာ ဆိုဒီယမ်ဓာတ် လွန်ကဲစွာ ပါဝင်နေပြီး ဒီလိုအစားအစာတွေကို စားဖြစ်နေတာဟာ သွေးတိုးရောဂါ ဖြစ်စေဖို့အတွက် ဦးတည်နေပါတယ်။ ဆိုဒီယမ်ပမာဏ စားသုံးမှုကို ကန့်သတ်လိုက်ခြင်းဖြင့် သွေးပေါင်ချိန်ကို လျှော့ချနိုင်မှာဖြစ်ပြီး သုတေသီတွေကတော့ တစ်နေ့လျှင် ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထက် ပိုမစားဖို့ အကြံပြုထားပါတယ်။

(၅) သာယာငြိမ့်ငြောင်းတဲ့ သံစဉ်တွေ နားထောင်ပေးပါ

Relax with music

Photo : Shire Doctors and Dentists

ထူးဆန်းပြီး ဟုတ်မှဟုတ်ပါ့မလားလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံ ၊ ဖလောရန့်စ် တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ သာယာငြိမ့်ငြောင်းတဲ့ တေးဂီတသံစဉ်တွေဟာ သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သွေးတိုးရောဂါ ရှိသူ ၁၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ  ဂန္တဝင်သီချင်းတွေလို သာယာငြိမ့်ငြောင်းတဲ့ တေးဂီတသံစဉ်တွေ နေ့စဉ် နာရီဝက်ခန့် နားထောင်စေတာဟာ သွေးဖိအားကို လျှော့ချပေးပြီး သွေးပေါင်ချိန်ကို မှန်ကန်စေဖို့ အထောက်အကူ ပြုတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

Source : Men’s Health

Featured Photo : Mather Hospital