ပစ္စည်းဆန်းလေးတွေကို ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်တိုင်ဖန်တီးရတာ နှစ်ခြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်တော့ အိမ်တွင်းအလှဆင်ဖို့  မီးအိမ် လှလှလေးတွေ ပြုလုပ်နိုင်မယ့် DIY ပရော့ဂျက် အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စက္ကူမီးအိမ်

DIY Lamps

မျက်နှာကျက်မှာ ချိတ်ဆွဲအလှဆင်နိုင်မယ့် စက္ကူ မီးအိမ် လှလှလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ စက္ကူ အပိုင်းအစလေးတွေကို အဝိုင်းပုံစံ ဖြတ်ညှပ်ခေါက်ပြီး ကော်နဲ့ပြန်လည် တွဲကပ်ပေးရပါမယ်။ စက္ကူပိုင်းလေးတွေအပေါ်မှာ ကွီးတို့နှစ်သက်ရာ စာသားလေးတွေ ရေးလို့ရတာကြောင့် အိမ်မှာပဲ အလှဆင်ချင်လို့ ဖြစ်ဖြစ် ၊ ချစ်သူကောင်မလေးကို လက်ဆောင်အနေနဲ့ ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

(၂) အသဲပုံ မှန်မီးအိမ်

DIY Lamps

ရိုမန့်တစ်ဆန်ဆန် အသဲပုံ မှန်မီးအိမ် လေးဖန်တီး ကြည့်ရအောင်ပါ။ ဒီမီးအိမ်လေးကို Heartland လို့ နာမည် ပေးထားပါတယ်။ အသဲပုံဒီဇိုင်း ဖြတ်တောက်ထားတဲ့ မှန်အပိုင်းအစလေးတွေကို သစ်သားတုတ်ချောင်းလေးတွေနဲ့ တွဲကပ်ပြီး အောက်ခြေအထိုင် သစ်သားအဝိုင်းပေါ်မှာ တပ်ဆင်လိုက်ရုံပါပဲ။ အောက်ခြေအထိုင် သစ်သားအဝိုင်းရဲ့ အလယ်မှာ မီးလုံးလေး တပ်ဆင်လိုက်မယ် ဆိုရင်တော့ မှန်ကနေတဆင့် အလင်းရောင်ပြန်နေမှာဖြစ်ပြီး လှပတဲ့ မီးအိမ်လေးတစ်ခု ရရှိသွားမှာပဲ ဖြစ်ပါတယ်။

(၃) မြေပုံမီးအိမ်

DIY Lamps

ဖန်ခွက်အရှည်လေးတွေနဲ့ Print ထုတ်ထားတဲ့ မြေပုံစာရွက်တွေကို ပေါင်းစပ်ဖန်တီးရမယ့် မီးအိမ် အမိုက်စားလေးပါ။ ဖန်ခွက်ရဲ့ အတွင်းပိုင်းမှာ မြေပုံစာရွက်ကို လိပ်ထည့်ပြီး ကော်နဲ့ကပ် ပေးရပါမယ်။ ပြီးရင်တော့ မီးလုံးလေးထည့်သွင်း ထွန်းညှိလိုက်မယ်ဆိုရင်တော့ လှပတဲ့ မြေပုံမီးအိမ်လေးတစ်ခု ရပါပြီ။

(၄) ကော်ဗူးမီးအိမ်

DIY Lamps

သောက်ပြီးသား ကိုကာကိုလာဗူးတွေကို လွှင့်မပစ်လိုက်ပါနဲ့။ ဗူးရဲ့ထိပ်ပိုင်းကို ဖြတ်တောက်ပြီး အပေါ်ကနေ ကြိုးလေးတွေ ရစ်ပတ် တွဲကပ်ကာ ဗူးရဲ့အတွင်းပိုင်းမှာ မီးလုံးလေး ထည့်သွင်းလိုက်မယ်ဆိုရင်တော့ ရိုးရှင်းပြီး လှပတဲ့ ကော်ဗူး မီးအိမ် လေးတွေ ဖန်တီးလို့ ရသွားမှာ ဖြစ်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ DIY ပရော့ဂျက် အိုင်ဒီယာလေးတွေ ဖြစ်တာကြောင့် ကွီးတို့ အိမ်မှာ လိုက်လုပ်ကြည့်လိုက်ပါဦးနော်။

Source : Instructables

Featured Photo : Etsy