လိင်စိတ်ဆန္ဒ နည်းပါးခြင်း သို့မဟုတ် လိင်အင်္ဂါ ကမောက်ကမ ဖြစ်ခြင်း ပြဿနာတွေဟာ နေ့စဉ်ဘဝထဲက စားသောက်နေထိုင်မှု ပုံစံတွေအပေါ်မှာ များစွာမူတည်နေတယ် ဆိုပေမယ့် တစ်ခါတစ်ရံမှာ ဗီတာမင်ချို့တဲ့ခြင်းဟာ အဆိုပါ ပြဿနာတွေရဲ့ အရင်းအမြစ် ဖြစ်နိုင်တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးကို ပံ့ပိုးပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသကဲ့သို့ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ လိင်စိတ်ဆန္ဒ Libido အပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးတာဟာ လိင်မှုဘဝကို ပြန်လည်ကောင်းမွန်စေမယ့် အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ အကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) L-arginine
Photo : Feelgood-Shop
L-arginine ဆိုတာ ခန္ဓာကိုယ်ကနေ ပရိုတင်းဓာတ် ထုတ်လုပ်ရာမှာ အဓိက ကူညီပေးနေတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ဖြစ်ပါတယ်။ L-arginine ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်တာနဲ့ တပြိုင်နက် ၎င်းဟာ နိုက်ထရစ်အောက်ဆိုဒ်အဖြစ် ပြောင်းလဲကာ သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့ အထောက်အပံ့ ပေးပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတစ်ခုအရ L-arginine ဟာ လိင်တံဆီ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး လိင်တံထောင်မတ်မှုကို ပိုမိုအားကောင်းစေဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။ L-arginine ကို ငါး ၊ အနီရောင်အသား ၊ ကြက်သား ၊ ပဲပိစပ် ၊ အစေ့အဆန် ၊ ပဲနဲ့ နို့ထွက်ပစ္စည်းတွေ အပါအဝင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကနေ တဆင့် ရနိုင်ပါတယ်။
(၂) ဗီတာမင် B3
Photo : HealthifyMe
ဗီတာမင်B3 ကို Niacin လို့လည်း ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဓိက လုပ်ငန်းဆောင်တာ များစွာအတွက် မရှိမဖြစ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပါ။ ၎င်းဟာ အင်ဇိုင်းတွေကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးရာမှာ အဓိက အရေးပါပြီး လိင်မှုဆိုင်ရာ လှုပ်ရှားတွေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်B3 ဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး လိင်တံထောင်မတ်မှု အားကောင်းစေဖို့လည်း ကူညီပေးပါတယ်။
(၃) ဗီတာမင် D
Photo : CareSpot Urgent Care
ဗီတာမင်D ကိုတော့ နေရောင်ခြည်ကနေ အဓိက ရရှိပြီး အရိုး ၊ ကြွက်သားနဲ့ ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးလို့ လူသိများပါတယ်။ ၎င်းဟာ အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ Internatio nal Journal of Impotence Research ရဲ့ လေ့လာမှုတစ်ခုအရ ဗီတာမင်D ချို့တဲ့တာဟာ အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ချို့ယွင်းတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဗီတာမင်D ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တစ်ခုလုံးအတွက်လည်း အရေးပါပြီး စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေကာ လိင်မှုဆိုင်ရာ တက်ကြွမှုနဲ့ လိင်မှုစွမ်းရည်ကို တက်စေဖို့အတွက် တွန်းအားဖြစ်စေပါတယ်။
(၄) ဇင့်
Photo : HealthifyMe
ဇင့်ကတော့ အစာခြေစနစ် ၊ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် လုပ်ဆောင်မှု ၊ ဆဲလ်ကြီးထွားမှု နဲ့ Testosterone ထုတ်လုပ်မှုအပါအဝင် ခန္ဓာကိုယ်ရဲ့ အဓိက လုပ်ငန်းစဉ်များစွာအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတစ်ခုအရ အမျိုးသားတွေမှာ ဇင့်ဓာတ်ဖြည့်တင်းခြင်းက Testosterone ပမာဏကို တိုးလာစေတယ်လို့ ဆိုထားပြီး ဇင့်ဟာ Testosterone ပမာဏကို သဘာဝအတိုင်း မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဇင့်ဓာတ်ကို ဖြည့်စွက်စာတွေနဲ့ အစားအစာတွေကနေတဆင့် ရရှိနိုင်ပါတယ်။
Source : Lowcountry Male
Featured Photo : Aqua Vitality