အသက် ၃၀ အရွယ်ဟာ အမျိုးသား အများစုမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ စတင်တဲ့ အချိန်ပါပဲ။ လူလတ်ပိုင်း အရွယ်ကစပြီး ကျန်းမာရေးကို ဂရုစိုက်မှသာ သက်ကြီးပိုင်း ရောက်ချိန်မှာ ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာတွေ မဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သက်လတ်ပိုင်း အမျိုးသားတွေအနေနဲ့ သတိထားရမယ့် ကျန်းမာရေး အခြေအနေတွေကို ပြောပြပေးပါမယ်။

(၁) နှလုံးရောဂါ

Cardiovascular Diseases

Photo : Dr. Helena Taylor Clinic

အသက် ၃၀ ဝန်းကျင်မှာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု တဖြည်းဖြည်း နှေးကွေး လာတာနဲ့အမျှ ကိုလက်စထရော ပိုများလာပြီး နှလုံးရောဂါ ပြဿနာ စတင် ဖြစ်ပွားလေ့ ရှိပါတယ်။ နှလုံးကို ကျန်းမာနေစေဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လမ်း လျှောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးစီးခြင်း ကဲ့သို့ အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နှလုံးကြွက်သားတွေကို သန်မာအားကောင်းစေပါတယ်။ အလားတူ ကျန်းမာရေးနဲ့ အညီ စားသောက်နေထိုင်ခြင်းဟာလည်း ကိုလက်စထရော နည်းပါးစေပြီး နှလုံးကို ကျန်းမာစေပါတယ်။

(၂) မျိုးပွားမှုစနစ်

Male Infertility

Photo : Shrikhande IVF Clinic

အမျိုးသားတွေရဲ့ သုတ်ပိုး ထုတ်လုပ်မှုနဲ့ သုတ်ပိုး အရည်အသွေးဟာ အသက် ၃၀ ဝန်းကျင်မှာ စတင်ကျဆင်း လာတက်ပါတယ်။ အသက်ကြီး လာတာနဲ့အမျှ သုတ်ပိုးထုတ်လုပ်မှု လျော့ကျလာပြီး မျိုးပွားမှုစနစ်မှာ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ကလေးယူမယ့် အမျိုးသားတွေအနေနဲ့ သုတ်ပိုးကျန်းမာရေး ကောင်းမွန်နေစေဖို့ ကျန်းမာနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို ထိန်းညှိပြီး ကျန်းမာတဲ့ Healthy Lifestyle တစ်ခုကို ထိန်းသိမ်းဖို့ လိုပါတယ်။

(၃) ဝှေးစေ့ကင်ဆာ

Testicular Cancer

Photo : Dr Lee Fang Jann

ဝှေးစေ့ကင်ဆာဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားတွေမှာ အများဆုံး ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါတစ်မျိုးပါ။ အမျိုးသားတစ်ယောက်အတွက် သက်လတ်ပိုင်း အရွယ်ဟာ ဝှေးစေ့ကင်ဆာ ရှိမရှိ စစ်ဆေးဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး စစ်ဆေးမှုနဲ့ ကာကွယ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာရဲ့ လက္ခဏာတွေကတော့ ပေါင်ခြံနေရာ နာကျင်ခြင်း ၊ ဝှေးစေ့တစ်ခု သို့မဟုတ် နှစ်ခုလုံးမှာ အဖုအကျိတ်တွေ စမ်းမိခြင်း ၊ ဝှေးစေ့ သို့မဟုတ် ကပ်ပယ်အိတ်အတွင်း နာကျင်ခြင်းနဲ့ ရင်သားဧရိယာ တင်းမာခြင်းတို့ ပါဝင်နိုင်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက် ပြသပြီး သေချာစွာ စစ်ဆေးဖို့ အကြံပေးချင်ပါတယ်။

(၄) ဆီးကျိတ်ကင်ဆာ

Prostate Cancer
Photo : For Health Family

ဆီးကျိတ်ကင်ဆာ ဟာလည်း အလားတူပါပဲ။ ဆီးကျိတ်ကင်ဆာဟာ သက်ကြီးပိုင်း အမျိုးသားတွေမှာ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် သက်လတ်ပိုင်း အမျိုးသားတွေ အနေနဲ့လည်း သတိထားဖို့ လိုပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ မကြာခဏ ဆီးသွားခြင်း ၊ ဆီးသွားစဉ်မှာ နာကျင်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း သို့မဟုတ် မကြာခဏ ဆီးသွားခြင်း ၊ လိင်တံ ကြာကြာထောင်မတ်နိုင်ဖို့ ခက်ခဲခြင်းနဲ့ သုက်လွှတ်စဉ်မှာ နာကျင်ခြင်း စတာတွေ ကြုံရနိုင်ပါတယ်။ သတင်းကောင်းကတော့ ဆီးကျိတ်ကင်ဆာရှိမရှိကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ကုသမှုကောင်းကောင်းခံယူမယ်ဆိုရင် ရောဂါအခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Source : Urology Specialists of the Carolinas

Featured Photo : Summit Health