ဘောလုံးအသင်းတစ်သင်းမှာ နည်းပြတစ်ဦးရဲ့ အခန်းကဏ္ဍက အဓိကအကျဆုံးလို့ ပြောရင် မမှားနိုင်ပါဘူး။ ဘောလုံးစွမ်းရည်ပြည့်ဝတဲ့ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း ဖြစ်နေပါစေ နည်းပြရဲ့ ညွှန်ကြားမှု ၊ နည်းဗျူဟာ ၊ ကစားကွက်တွေ မပါပဲ အောင်မြင်မှု မရနိုင်ပါဘူး။ ခေတ်အဆက်ဆက် အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ ဘောလုံးအသင်းကြီးတိုင်းရဲ့ နောက်ကွယ်မှာ အရည်အချင်းပြည့်ဝပြီး မဟာဗျူဟာကျကျ ကစားကွက်ပုံစံတွေနဲ့ အသင်းကို အကောင်းဆုံး ပုံဖော်ခဲ့တဲ့ နည်းပြတစ်ဦးတော့ ရှိစမြဲပါ။ ဒီတစ်ခေါက်မှာတော့ နည်းစနစ်ကောင်း ၊ ဗျူဟာကောင်းတွေနဲ့ နာမည်ကျော်တဲ့ ဘောလုံးလောကထဲက ဩဇာအကြီးမားဆုံး နည်းပြ ၅ ဦးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဆာအဲလက်စ် ဖာဂူဆန်

Sir Alex Ferguson

Photo : GoalKick Football Academy

ဘောလုံးလောကရဲ့ ဂန္တဝင်နည်းပြကြီးတွေအကြောင်း ပြောကြတဲ့အခါ ဆာအဲလက်စ် ဖာဂူဆန်ကတော့ ထိပ်ဆုံးကနေ ပြောရမယ့် ပုဂ္ဂိုလ်တစ်ဦးပါပဲ။ စကော့တလန်သား နည်းပြကြီးကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အများစု တွဲမှတ်မိကြပြီး သရဲနီတို့နဲ့အတူ ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ကာလအတွင်း သမိုင်းဝင်တဲ့ အောင်မြင်မှု များစွာကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။ နည်းပြ ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၂ လုံးနဲ့ ပြည်တွင်းဖလားများစွာကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး သူ့ရဲ့အသင်းတည်ဆောက်နိုင်စွမ်း ၊ ပြောင်မြောက်လှတဲ့ အုပ်ချုပ်မှု စွမ်းရည်တွေကြောင့် ဘောလုံးသမိုင်းမှာ ခမ်းနားကြီးကျယ်တဲ့ နည်းပြတစ်ဦးအဖြစ် မှတ်ကျောက်တင် ခံထားရတာ ဖြစ်ပါတယ်။

(၂) ရေးနပ်စ်မစ်ရှယ်

Rinus Michels

Photo : GoalKick Football Academy

ဒတ်ချ်လူမျိုး နည်းပြကြီး ရေးနပ်စ်မစ်ရှယ် ကတော့ Total Football လို့ခေါ်တဲ့ နည်းဗျူဟာနဲ့အတူ ဘောလုံးသမိုင်းကို တစ်ခတ်ဆန်းစေခဲ့တဲ့ နည်းပြကြီးတစ်ဦး ဖြစ်ပါတယ်။ နည်းပြကြီး ရေးနပ်စ်မစ်ရှယ်ရဲ့ ဆန်းသစ်တဲ့ ဒီနည်းဗျူဟာကြောင့်ပဲ အေဂျက်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတွေဟာ ပြည်တွင်းရော ဥရောပတလွှားမှာပါ သမိုင်းဝင် အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့သလို ၁၉၈၈ ခုနှစ်မှာ နယ်သာလန် လက် ရွေးစင်အသင်းကိုလည်း ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲစေခဲ့တာပဲ ဖြစ်ပါတယ်။

(၃) ပက်ဂွာဒီယိုလာ

pep guardiola

Photo : GoalKick Football Academy

ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် နည်းပြ ပက်ဂွာဒီယိုလာကတော့ မော်ဒန်ဘောလုံး နည်းပြလောကမှာ ထင်ပေါ်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ နည်းပြတာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ဂွာဒီယိုလာရဲ့ Tiki-Taka ကစားကွက်ဟာ တော်တော်လေး နာမည်ကြီး ရေပန်းစားခဲ့ပါတယ်။ Tiki-Taka နည်းဗျူဟာနဲ့ပဲ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အောင်မြင်မှု မှတ်တိုင်များစွာကို စိုက်ထူပေးနိုင်ခဲ့သလို လက်ရှိ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကိုလည်း ၄ ကြိမ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုအပါအဝင် ပြိုင်ပွဲအရပ်ရပ် ဆုဖလားပေါင်းများစွာ ဆွတ်ခူးပေးထားတဲ့ အကောင်းဆုံး နည်းပြတစ်ဦး ဖြစ်ပါတယ်။

(၄) အရီဂိုဆာချီ

Arrigo Sacchi

Photo : GoalKick Football Academy

အီတလီသားကြီး နည်းပြ အရီဂိုဆာချီ ကိုတော့ အေစီမီလန်အသင်းနဲ့အတူ သမိုင်းဝင်တဲ့ အောင်မြင်မှုများစွာကို ရယူပေးနိုင်ခဲ့သူတစ်ဦးအဖြစ် ပရိသတ်တွေ အမှတ်ရနေကြဦးမယ် ထင်ပါတယ်။ အေစီမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၁ ခုနှစ် ကာလတွေ အတွင်းမှာ အသင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ စည်းကမ်းလိုက်နာမှုတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင် ပုံစံတကျရှိခဲ့ပြီး နောက်တန်းခံစစ်ကနေ ရှေ့တန်းတိုက်စစ်အထိကို စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အေစီမီလန်အသင်းဟာ နည်းပြ အရီဂိုဆာချီ လက်အောက် ဥရောပဖလား အများအပြားနဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု များစွာကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အရီဂိုဆာချီရဲ့ အသင်းအပေါ် အုပ်ချုပ်မှု ပုံစံတွေနဲ့ ဘောလုံးနည်းဗျူဟာတွေဟာ ဒီဘက်ခေတ် ဘောလုံးနည်းပြများစွာအပေါ် လွှမ်းမိုးမှုတွေ ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။

(၅) ကာလို အန်ဆယ်လော့တီ

Carlo Ancelotti

Photo : GoalKick Football Academy

ဩဇာကြီးမားတဲ့ နည်းပြစာရင်းမှာ မပါမဖြစ်ထည့်ပြောရမယ့် သူတစ်ဦးကတော့ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပဲ့ကိုင်ရှင် ကာလို အန်ဆယ်လော့တီ ပါပဲ။ နည်းပြကြီး အန်ဆယ်လော့တီ ဟာ မတူညီတဲ့ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ လိဂ်ဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြအနည်းစုထဲကတစ်ဦး ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီကတော့ သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အပြုအမူနဲ့ နည်းဗျူဟာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကြောင့်ပဲ ဘောလုံးလောကမှာ ထင်ရှားသူတစ်ဦးဖြစ်ပြီး ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေစီမီလန်နဲ့ ချန်ပီယံဆု ၂ ကြိမ် ၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံဆု ၁ ကြိမ် အသီးသီး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Source :  GoalKick Football Academy

Featured Photo : ESPN