အသက်အရွယ် အလှည့်အပြောင်းဟာ ခန္ဓာကိုယ် အလုံးစုံ ကျန်းမာရေးနဲ့ လိင်မှုဘဝအပေါ် ထိုးနှက်ချက်တွေ အများကြီး ရှိပါတယ်။ သက်ကြီးပိုင်းကို ဝင်လာတဲ့ အသက် ၄၀ အရွယ်ကစပြီး ခန္ဓာကိုယ်ရဲ့ ချို့ယွင်းမှုတွေ ၊ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှား ပြတက်ပါတယ်။ ငယ်ရွယ်တုန်းကလောက် လျင်မြန်ဖျက်လက်မှုတွေ မရှိတော့ဘူး ၊ လူငယ်တစ်ယောက်လို မစွမ်းနိုင်တော့တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးမှာတော့ အသက် ၄၀ ကျော် ကျားမ မရွေး ကြုံတွေ့ရနိုင်တဲ့ လိင်မှုဘဝ အပြောင်းအလဲတွေ အကြောင်းကို ကွီးတို့ သိရှိနိုင်ဖို့ ပြောပြပေးချင်ပါတယ်။
(၁) လိင်မှုကိစ္စအတွက် အားစိုက်ထုတ်ဖို့ ပိုလိုအပ်လာမယ်
Photo : Salon.com
အသက်ကြီးလာပြီဆိုတာနဲ့ ဟော်မုန်း အတက်အကျတွေ ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့်ပဲ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ အရင်ကထက် ပိုပြီး အားစိုက်ထုတ် ရပါတယ်။ လိင်စိတ်တက်ကြွမှုဟာ ငယ်တုန်းကထက် သိသိသာသာ ကျဆင်းသွားနိုင်တာကြောင့် ချစ်တင်းနှော ဖို့အတွက် ရုန်းကန်ရတာတွေ ၊ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြနိုင်ဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဟာ ကျန်းမာမျှတတဲ့ နေထိုင်မှုပုံစံတစ်ခုကို ထိန်းသိမ်းသွားဖို့နဲ့ ပါတနာနဲ့ သင့်ကြားက ဆက်ဆံရေးကို မြှင့်တင်ဖို့ဟာ အဓိကအကျဆုံး အချက် ဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ကြုံရမယ်
Photo : Healthshots
အသက် ၄၀ ဆိုတဲ့ အရွယ်မှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ အများကြီးကို ကြုံတွေ့ရမှာ မလွှဲမသွေပါ။ သင့်ခန္ဓာကိုယ်ဟာ ဆယ်စုနှစ်များစွာကို ဖြတ်သန်းခဲ့ရတဲ့အတွက် လျှင်မြန်မှုတွေ လျော့လာမယ် ၊ ကြံ့ခိုင်မှုတွေ ကျဆင်းလာမယ် ၊ ငယ်တုန်းကလို ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါတွေဟာ အသက်အရွယ်အရ အိုမင်းမှုလို့ခေါ်တဲ့ သဘာဝတရားဆိုတာကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတက်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်က အလှည့်အပြောင်းတွေ ချို့ယွင်းချက်တွေကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တက် ၊ ပိုဂရုစိုက်တက်မှသာ ပျော်ရွှင်ရတဲ့ လိင်မှုဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၃) ချောဆီသုံးဖို့ ပိုပြီး လိုအပ်လာမယ်
Photo : Quanna
အမျိုးသမီးတွေမှာဆိုရင် သက်ကြီးပိုင်းအရွယ်မှာ မိန်းမကိုယ်ကနေ သဘာဝချောဆီ ထုတ်ပေးနိုင်မှုဟာ လျော့ကျသွား တက်ပါတယ်။ အမျိုးသမီးတွေဟာ အသက် ၄၀ ကျော်လာတာနဲ့အမျှ အီစထရိုဂျင် ပမာဏ အတက်အကျနဲ့ ရာသီလာချိန် မမှန်တာတွေကြောင့် မိန်းမကိုယ်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျဆင်းလာတက်ပြီး မိန်းမကိုယ်နံရံတွေ ပိုမိုပါးလွှာလာတဲ့အတွက် ချောဆီအလုံအလောက် မထုတ်နိုင်တာ ၊ ဆက်ဆံချိန်မှာ သွေးထွက်တာ ၊ မိန်းမကိုယ် တစ်ရှုးတွေ အလွယ်တကူ စုတ်ပြဲလွယ်တာတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် အသက် ၄၀ နောက်ပိုင်းမှာ သာယာကြည်နူးဖွယ် လိင်မှုဘဝ ကို ထိန်းထားနိုင်ဖို့ ဆက်ဆံတိုင်းမှာ ချောဆီ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဟော်မုန်းဆိုင်ရာ ပြဿနာတွေနဲ့ အခြားသော အမျိုးသမီး သဘာဝ ကျန်းမာရေး အခြေအနေတွေ ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး သွားရောက်တိုင်ပတ်ပြီး ကုသမှု ခံယူသင့်ပါတယ်။
(၄) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုများလာမယ်
Photo : Covington Women’s Health Specialists
လိင်မှုရေးရာကို စိတ်ဝင်စားစပြုပြီး လိင်စိတ်ထကြွတဲ့ ဆယ်ကျော်သက်နဲ့ ၂၀ နောက်ပိုင်းလူငယ်တွေမှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ များတယ်လို့ လူအများစုထင်တာဟာ မမှားပါဘူး။ ဒါပေမယ့် သုတေသနပြုချက်တွေအရ အသက် ၄၀ ကျော်လွန်ပြီးသူတွေမှာလည်း STDs ကူးစက်ခံရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အသက်ကြီးပိုင်းအရွယ်မှာ သန္ဓေတားဖို့ လိုအပ်မှုဟာ လျော့နည်းလာတဲ့အတွက် အကာအကွယ်မဲ့ ဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်သလို လိင်အင်္ဂါ တစ်ရှူးတွေ ပါးလွှာခြင်းကြောင့် ရောဂါပိုးတွေ အလွယ်တကူ ပိုမို ကူးစက်ခံရနိုင်ခြေ များတာပါ။ တကယ်တော့ ကျန်းမာလုံခြုံတဲ့ လိင်မှုဘဝ အတွက် ဆက်ဆံမှုတိုင်းမှာ အကာအကွယ် အသုံးပြုမှုဟာ အရေးကြီးပါတယ်။ ဒါက ဘယ်အသက်အရွယ်မှာ ဖြစ်ဖြစ် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Verywell Health