အမှန်တကယ် ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှု ပုံစံတစ်ခုကို အစပြုချင်တယ်ဆိုရင် 6-6-6 Walking Routine ကို သိထားရပါမယ်။ 6-6-6 Walking Routine ဆိုတာ ဟာ တစ်ရက်ကို မိနစ် ၆၀ ကြာ လမ်းလျှောက်ရတဲ့ အလေ့အထတစ်ခုပါ။ ရုံးချိန်လွှတ်တဲ့ မနက် ၆ နာရီ ဒါမှမဟုတ် ညနေ ၆ နာရီ အချိန်ကို အဆင်ပြေရာကို ရွေးချယ် လျှောက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ လမ်းမလျှောက်ခင်နဲ့ လမ်းလျှောက်ပြီး အချိန်တွေမှာ ၆ မိနစ်ခန့် အကြောလျော့ပေးရမှာပါ။ ဒီအလေ့အထကို 6-6-6 Walking Routine လို့ ခေါ်ပါတယ်။ 6-6-6 Walking Routine ကနေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေမလဲဆိုတာ အောက်မှာဆက်ပြီး လေ့လာကြည့်ရအောင်ပါ။
Photo : Eat This Not That
နှလုံးကျန်းမာရေးအတွက် ကောင်းတယ် – လမ်းလျှောက်ခြင်းဟာ ကုန်စရိတ်မရှိတဲ့ ကျန်းမာရေးခြင်းအတွက် ဆေးတစ်ခွက်ပါ။ အဓိကအားဖြင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး လမ်းလျှောက်နေစဉ်အတွင်းမှာ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးကာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့ ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သွေးပေါင်ချိန်ကို မှန်ကန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။
ဝိတ်ကျစေတယ် – တစ်ရက်ကို မိနစ် ၆၀ လမ်းပုံမှန်လျှောက်ရင် အသိသာဆုံး အကျိုးကျေးဇူးတစ်ခုကတော့ ကယ်လိုရီလောင်ကျွမ်းစေတာပါ။ တစ်နာရီလောက် လမ်းလျှောက်တာတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို တိုးစေပါတယ်။ လမ်းလျှောက်တဲ့အခါ ခပ်မြန်မြန်လမ်းလျှောက်တဲ့ ပုံစံကို အသုံးပြုတာဟာ ကယ်လိုရီလောင်ကျွမ်းမှု ပိုများစေပြီး ကြွက်သားကျစ်လစ်သန်မာမှု တိုးစေမှာ ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ် – ဆီးချိုရောဂါရှိသူတွေ ဒါမှမဟုတ် အစာစားပြီးပြီးချင်း သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျော့ချဖို့ ကြိုးစားနေသူတွေအနေနဲ့ 6-6-6 Walking Routine လမ်းလျှောက်ခြင်းက အထိရောက်ဆုံးပါပဲ။ လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအစိတ်အပိုင်းတွေဟာ ကိုယ်တွင်းက ဂလူးကို့စ်ဓာတ်ကို မှန်ကန်စွာ အသုံးပြုမှု ရစေတဲ့အတွက် အစာစားပြီးနောက်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်ခြေကို တားဆီးကာကွယ်ပေးပြီး သွေးတွင်းသကြားဓာတ် မှန်ကန်မှုရှိစေဖို့ ထိန်းညှိပေးပါတယ်။
စွမ်းအင်တိုးစေတယ် – ခန္ဓာကိုယ်ဟာ လှုပ်ရှားမှု များများ လုပ်ဆောင်လေ စွမ်းအင်ပိုမို ရရှိလေပါ။ 6-6-6 လမ်းလျှောက်မှုပုံစံဟာ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး စွမ်းအင်အဆင့်ကို မြှင့်တင်ပေးပါတယ်။ စစချင်းမှာတော့ မောပန်းမှု ခံစားရနိုင်ပေမယ့် ကျင့်သားရပြီး ပုံမှန်လမ်းလျှောက်ဖြစ်တဲ့အခါမှာ နေ့စဉ်ဘဝထဲက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေပြီး တစ်နေ့တာကို ပိုမိုနိုးကြားတက်ကြွစွာ ဖြတ်သန်းနိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေတယ် – ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်မယ် အထူးသဖြင့် လမ်းလျှောက်ခြင်းကို ပုံမှန်လုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရရှိခံစားရနိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် ညနေခင်းတွေမှာ လမ်းလျှောက်တာက Endorphin လို့ခေါ်တဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အတွက် စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြေလျော့မှု ၊ စိတ်ကြည်လင်လန်းဆန်းမှုတွေကို ရရှိခံစားနိုင်ပါတယ်။
Photo : The Pacer Walking Blog – Pacer Walking App
ကွီးတို့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ခြင်းတွေကို ရရှိနိုင်ဖို့ တစ်ရက်ကို တစ်နာရီလောက် အချိန်ပေးပြီး 6-6-6 Walking Routine ကို လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source : Healthshots
Featured Photo : Men’s Health