အားလပ်ရက် Sunday မှာ အပြင်လည်း မထွက်ချင် ၊ ဘော်ဒါတွေနဲ့လည်းတွေ့ဖို့ ချိန်းမထားဘူးဆိုရင် ကွီးတို့ အိမ်မှာပဲ အပျင်းပြေ တီထွင်ဖန်တီးမှု စွမ်းရည်ကို သွေးနိုင်မယ့် DIY ပရော့ဂျက် အိုင်ဒီယာလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) အအေးဗူးကလစ် အိတ်
Photo : Boredpanda
အအေးဗူး ၊ ဘီယာဗူးတွေမှာ ပါတဲ့ ကလစ်လေးတွေ ကွီးတို့ DIY အိတ်တစ်လုံး ဖန်တီးလို့ ရပါတယ်။ သံဗူးတွေကနေ ဖြုတ်ထားတဲ့ ကလစ်လေးတွေ အများကြီးကို ချိတ်ဆက်ပြီး ထူးခြားဆန်းပြားတဲ့ အထာကျကျ အိတ်လေးတစ်လုံး ပြုလုပ်နိုင်ပါတယ်။ အိတ်အပြင် ကွီးတို့ အိုင်ဒီယာရှိရင် ရှိသလို ပစ္စည်းဆန်းလေးတွေကို ဖန်တီးနိုင်မှာပါ။
(၂) တစ်ခါသုံး ကော်ဇွန်းမီးအိမ်
Photo : Boredpanda
တစ်ခါသုံး ကော်ဇွန်းလေးတွေကို ဖြတ်တောက်ပြီး ရေသန့်ဗူး အကြီး သို့မဟုတ် ကော်ပုံးတစ်ခုကို အတွင်းက ခံပါ။ ရေသန့်ဗူး သို့မဟုတ် ကော်ပုံးပတ်ပတ်လည်မှာ ဖြတ်ထားတဲ့ ဇွန်းထိပ်လေးတွေကို လိုက်လံကပ်ပါ။ ထို့နောက် အတွင်းထဲမှာ မီးလုံးထည့်ပြီး လှပတဲ့ DIY မီးအိမ်လေးတစ်လုံး ဖန်တီးနိုင်ပါတယ်။
(၃) အချိုရည်ဗူး တံမြက်စည်း
Photo : Boredpanda
ကိုကာကိုလာ ၊ ပက်စီ စတဲ့ အချိုရည်ဗူးကြီးတွေနဲ့ အိမ်သုံး တံမြက်စည်း တစ်လက် ဖန်တီးကြည့်ပါ။ ပြုလုပ်နည်းက အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။ ဗူးရဲ့အောက်ခြေကို ဖြတ်ပြီး တံမြက်စည်းမွှေး ပုံစံရအောင် ခပ်စိပ်စိပ် ညှပ်ထုတ်လိုက်ပါ။ ထို့နောက် ဗူးအဝမှာ လက်ကိုင်တပ်လိုက်မယ်ဆိုရင်တော့ အိမ်သုံး တံမြက်စည်း တလက် ရပါပြီ။
(၄) မီးသီး ပန်းအိုး
Photo : Boredpanda
ဒါကတော့ ကွီးတို့ အိမ်မှာ ကျွမ်းသွားတဲ့ မီးလုံးတွေနဲ့ အိမ်တွင်းအပင်အိုးလေးတွေ ဖန်တီးနိုင်မယ့် အိုင်ဒီယာပါ။ အလုပ်စားပွဲ ဒါမှမဟုတ် ကွီးတို့ ဧည့်ခန်းမှာ အလှဆင်ထားလို့ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ မီးသီး ပန်းအိုးလေးကိုလည်း ကွီးတို့ကိုယ်တိုင် ဖန်တီးကြည့်လိုက်ပါဦး။
Source : Boredpanda
Featured Photo : Space Shop Self Storage