မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချို ကတော့ သူ့ရဲ့ အိုင်ဒေါကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ရှိရာ ဆော်ဒီမြေမှာ ခြေချဖို့ အခွင့်အရေးဖြစ်တဲ့ အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေအရ သိပါတယ်။
အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားလူငယ်ကြယ်ပွင့်ဟာ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာမယ့် ကစားသမားစာရင်းမှာ ပါဝင်နေပြီး SunSport ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ရာသီကြို အမေရိကခရီးစဉ်အတွင်း ကစားသမား လူစာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ကစားသမား ၅ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။
Photo : Sports Illustrated
ဂါနာချို ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတော်တော်များများကို ၎င်းရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့အတွက် ပြောကြားထားပြီး ယူနိုက်တက် ဂန္ထဝင်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အတူတွဲဖက်ကစားခွင့်ရမယ့် အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချသွားခဲ့တယ်လို့ The Telegraph ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဂျင်သားဟာ ၎င်းရဲ့ကစားသမားဘဝကို ဥရောပမှာပဲ ဆက်လက်ဖြတ်သန်းဖို့ ဦးစားပေး လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အပြောင်းအရွေ့အတွက် ချိတ်ဆက်မှုတွေရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ဂါနာချိုကို အလဲအလှယ် လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အီလတီထိပ်သီးကလပ် နာပိုလီကလည်း ဂါနာချို ကို ခေါ်ယူဖို့ အသင်းရဲ့ဥက္ကဋ္ဌ ဒီလော်ရန်းတီစ်က ” ကျွန်တော်တို့ သူ့ကိုလိုချင်ပါတယ်။ ဘာလို့ဆို သူက ယူနိုက်တက်အသင်းမှာ ရှိနေလို့ပါ။ သူ့ကို ယူနိုက်တက်ကနေ ဆွဲထုတ်နိုင်ခဲ့ရင် စွမ်းဆောင်ရည် ၂ ဆတက်လာမယ့် ကစားသမားဖြစ်လာ နိုင်ပါတယ်။ ယူနိုက်တက်မှာဆက်နေရင် သူတိုင်ပတ် နေဦးမှာပါ။ ဘာလို့လဲဆိုတာတော့ ကျွန်တော်ရှင်းပြလို့ မရပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။
Photo : Man Utd News
ယူနိုက်တက်အသင်းဘက်က ဂါနာချို အတွက် ပေါင်သန်း ၇၀ လိုချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း နည်းပြအာမိုရင် လက်အောက်မှာ ပုံမှန်နေရာရမနေတဲ့ တောင်ပံကစားသမားအတွက် အဆိုပါ ပမာဏမျိုး ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကနေ အငှားထွက်ကစားနေတဲ့ ရက်ရှ်ဖိုဒ့် ၊ ဆန်ချိုနဲ့ အန်တိုနီ တို့လို ကစားသမားတွေနဲ့ ယှဉ်ရင်တော့ ဂါနာချိုကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးဟာ ပိုပြီး အလားအလာရှိနေတာ ဖြစ်ပါတယ်။
Source : The Sun
Featured Photo : The Sun