ဘိုင်ယန်မြူးနစ် အသင်းကတော့ လီဗာပူးတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ကို ယူရို ၇၅ သန်း (ပေါင် ၆၅.၆ သန်း/ဒေါ်လာ ၈၈.၁ သန်း) နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီး ၂၄ နာရီအတွင်း ဆေးစစ်မှုခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင်ဟာ လက်ရှိမှာ ကြိုးကြာနီတို့နဲ့ တိုကျိုကိုရောက်ရှိနေတာဖြစ်ပြီး ရာသီကြိုခရီးစဉ်ကနေ ထွက်ခွင့်ရရှိထားသလို ဟယ်ရီကိန်းရှိရာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုရှင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

Luis Diaz
Photo : Goal.com

Athletic သတင်းရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ယခုနွေရာသီအစောပိုင်းတုန်းက တောင်ပံကစားသမားအတွက် ဂျာမန်ဘီလူးကြီးတွေရဲ့ စျေးနှိမ့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ယခု ယူရို ၇၅ သန်းနဲ့ တဖန်ပြန်လည် ကမ်းလှမ်းမှုကို လက်ခံခဲ့ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ လီဗာပူးရဲ့ ရာသီကြိုတိုကျို ခရီးစဉ် ကစားသမားစာရင်းမှာ ပါဝင်နေတဲ့ ကိုလံဘီယာသားဟာ ဆေးစစ်မှုသာ ပြီးမြောက်အောင်မြင်ခဲ့မယ်ဆိုရင် နည်းပြကွန်ပနီ လက်အောက် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံးခေါ်ယူနိုင်ခဲ့တဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

လူးဝစ်ဒီယက်ဇ် ရဲ့ ထွက်ခွာမှုဟာ အခုနွေရာသီ နည်းပြ အန်းစလော့လက်အောက် လီဗာပူးအသင်းအတွက် ကြီးမားတဲ့ လှုပ်ခတ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ မာဆေးဆိုက်ကလပ်ဟာ တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် အီကီတီကီကို ခေါ်ယူထားပြီး ဖြစ်သလို ဆွီဒင်လက်ရွေးစင် အလက်ဇန်းဒါး အီဆက်ခ်ကိုလည်း အပြီးသတ်ခေါ်ယူနိုင်တော့မယ့် အလားအလာ ရှိနေပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် လာမယ့် ၂၀၂၅ – ၂၀၂၆ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုရှင် လီဗာပူးတို့ရဲ့ ပြီးခဲ့တဲ့ရာသီနဲ့ မတူကွဲပြားတဲ့ တိုက်စစ်ပိုင်း အပြောင်းအလဲ ကြီးကြီးမားမားကို မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

Luis Diaz
Photo : Goal.com

ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီမှာ ပေါ်တိုအသင်းကနေ ပြောင်းရွေ့လာခဲ့တဲ့ လူးဝစ်ဒီယက်ဇ် ကတော့ လီဗာပူးအတွက် စုစုပေါင်း ၁၄၈ ပွဲ ကစားပေးထားပြီး အဲ့ဒီနှစ် ဘောလုံးရာသီမှာပဲ ကြိုးကြာနီတို့ ပြည်တွင်းဖလားနှစ်ခု ဆွတ်ခူးခဲ့ရာမှာ အဓိကအရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကိုလံဘီယာသားဟာ မာဆေးဆိုက်အသင်း ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၄၁ ဂိုးနဲ့ ဂိုးဖန်တီးမှု၂၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ဆေးစစ်မှုအပြီး လာမယ့် ၄၈ နာရီအတွင်း ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုသွားနိုင်ဖွယ် ရှိနေပါတယ်။ လီဗာပူးတို့ကတော့ ရှေ့တန်းတိုက်စစ်ပိုင်း ပြန်လည်တည်ဆောက်မှုအတွက် အီဆက်ခ်ကို အပြီးသတ် ခေါ်ယူဖို့ကို ဆက်လက်အာရုံစိုက်နေပြီး အပြောင်းအရွေ့ ဈေးကွက်မပိတ်မီ ကာလအတွင်းမှာ နောက်ထပ်ထူးခြားတဲ့ အပြောင်းအလဲတွေကို ထပ်မံမြင်တွေ့ရနိုင်ပါတယ်။

Source : Goal.com

Featured Photo : Goal.com