သွားနဲ့ခံတွင်း ကျန်းမာရေးက မေ့မေ့လျော့လျော့ ၊ ပေါ့ပေါ့ဆဆ မနေသင့်တဲ့ အထဲမှာ ပါပါတယ်။ သွားကျန်းမာရေးကို သေချာဂရုမစိုက်မိရင် လူမပင်ပန်းသင့်ပဲ ပင်ပန်းရတာ ၊ ငွေကုန်ကြေးကျများတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သတိထား ရှောင်ကြဉ်သင့်တဲ့ အမှားလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ခံတွင်းအနံ့ဆိုးတွေ သက်သာစေဖို့ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း
Photo : Mensxp
ခံတွင်းအတွင်းက အညစ်အကြေးတွေနဲ့ အနံ့ဆိုးတွေကို သက်သာချင်လိုစောနဲ့ ကွီးတို့ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်နေမိပြီလား ? စနစ်တကျ မဟုတ်ပဲ ကြမ်းတမ်းတဲ့ ပုံစံနဲ့ သွားတိုက်ခြင်းဟာ အညစ်အကြေးတွေနဲ့ အနံ့ဆိုးတွေကို သက်သာစေဖို့ထက် သွားဖုံးနဲ့ သွားကြွေလွှာကို ပျက်စီးနိုင်ခြေ ပိုများစေပါတယ်။
(၂) အစာစားပြီးချိန်မှာ ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း
Photo : Mensxp
အစာစားပြီးနောက် ချက်ချင်းဆိုသလို ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းတဲ့ အကျင့်ရှိရင် ချက်ချက်းရပ်တန့်လိုက်ပါ။ ခံတွင်းသန့်စင်ဆေးရည်ကို အစာစားပြီးနောက် ချက်ချင်းအသုံးပြုမယ်ဆိုရင် အစာနဲ့ဓာတ်ပြုပြီး ကွီးတို့ရဲ့ သွားတွေကို ပျက်စီးစေတဲ့ အက်ဆစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားစေ နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာစားပြီးနောက် ၄၅ မိနစ်လောက်ကြာမှ အသုံးပြုပေးပါ။
(၃) သွားမတိုက်ပဲ အိပ်ရာဝင်ခြင်း
Photo : Mensxp
အိပ်ရာမဝင်ခင်မှာ ပုံမှန် သွားတိုက်ဖို့ကို မမေ့သင့်ပါဘူး။ သွားမတိုက်ပဲ အိပ်ရာဝင်မယ်ဆိုရင် တစ်နေ့တာလုံး စားထားတဲ့ အစားအစာတွေက သွားကြားထဲမှာ ကပ်ညှိတွယ်နေပြီး အိပ်စက်ချိန် ၆ – ၈ နာရီအတွင်းမှာ ဘက်တီးရီးယားများစွာ ပေါက်ဖွားစေနိုင်ပါတယ်။ ဒါဟာ သွားပိုးစားခြင်း ၊ ခံတွင်းအနံ့ဆိုးထွက်ခြင်း အပါအဝင် သွားကျန်းမာရေး ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) အချိုစားပြီးနောက် သွားသန့်ရှင်းရေး မလုပ်ခြင်း
Photo : Mensxp
အချိုစားပြီးနောက်မှာ ပလုတ်ကျင်းတာ ၊ သွားတိုက်တာတွေ လုပ်ကိုလုပ်ပေး သင့်ပါတယ်။ သကြားဓာတ်ဟာ ခံတွင်းအတွင်းမှာရှိတဲ့ အက်ဆစ်နဲ့ ဓာတ်ပြုပြီး သွားတွေရဲ့ ကြံ့ခိုင်မှုကို ပျက်စီးစေတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ ချိုလွန်းတဲ့ အစားအစာတွေ ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို စားပြီးနောက်မှာ သွားသန့်ရှင်းရေးကို မဖြစ်မနေ လုပ်သင့်ပါတယ်။
Source : Mensxp
Featured Photo : Toland Dental