ဖုန်း ဝယ်ရင် အကြမ်းခံ ၊ ဘက်ထရီခံမှ ကြိုက်သူတွေအတွက် Honor ကနေ 8,300mAh Silicon Carbon (Si-C) ဘက်ထရီ အကိတ်ကြီးပါတဲ့ X9d ကို မိတ်ဆက်သွားခဲ့ပါတယ်။ Honor X9d က ဒီနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံအတွင်း သီးသန့်ရောင်းချခဲ့တဲ့ Honor X70 ကို ထူးခြားတဲ့ ပြောင်းလဲမှုအချို့နဲ့ ပြန်လည် ဆန်းသစ်ထားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

Honor X9d

Photo : Stuff South Africa

Honor X9d မှာ ၆.၇၉ လက်မ AMOLED (FHD+ 120Hz) မျက်နှာပြင် တပ်ဆင်ပေးထားပြီး 6,000 nits peak brightness နဲ့ ရေစိုခံ ၊ ဖုန်ဒဏ်တွေအပြင် အားပြင်းပြင်းနဲ့ ဖြန်းတဲ့ အပူချိန်မြင့် ရေဒဏ်ကိုပါ ခံနိုင်ရည်ရှိတဲ့ IP69K Rating အဆင့်သတ်မှတ်ချက် ပါရှိပါတယ်။

Chipset ကိုတော့ Qualcomm ရဲ့ Snapdragon 6 Gen 4 မောင်းနှင်ထားပြီး 12GB RAM နဲ့ 256/512GB Storage အတွဲအစပ်နဲ့ လာပါတယ်။ Honor ကတော့ Honor X9d ကို အကြမ်းခံ နိုင်ဆုံး စမတ်ဖုန်း တစ်လုံးအဖြစ် အသားပေးမိတ်ဆက်ထားပြီး အပြင်းစား ထိခိုက်မှုတွေအတွက်ပါ ခံနိုင်ရည်ရှိတဲ့ ကိုယ်ထည် ဖရိန်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

Honor X9d မှာ X70 နဲ့ ဆင်တူတဲ့ စက်ဝိုင်းပုံ ကျောဘက် ကင်မရာတပ်ဆင်မှု ဒီဇိုင်းပါဝင်ပြီး 108MP Main ကင်မရာနဲ့ 5MP Ultrawide ကင်မရာတို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Software ပိုင်းမှာတော့ Android 15 အခြေပြု MagicOS 9.0 ကို အသုံးပြုထားပါတယ်။

Honor X9d
Photo : Beebom Gadgets

X9d ရဲ့ အရောင်တွေကတော့ Reddish Brown ၊ Midnight Black ၊ Sunrise Gold နဲ့ Forest Green ဆိုတဲ့ ထူးခြားဆန်းသစ်တဲ့ ကာလာ ၄ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းတွေ အနေနဲ့ 12/256GB ဗားရှင်းအတွက် ၃၅၆ ဒေါ်လာ 512GB Storage ဗားရှင်းအတွက် ၄၀၃ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com