ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝအတွက် ကွန်ဒုံးတွေဟာ အဓိကျတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုတာက အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ သို့သော် အရွယ်ရောက်ပြီး စုံတွဲတွေအနေနဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး သုံးမသုံး ဆိုတာကတော့ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခု ဖြစ်ပေမယ့် အခုပြောပြမယ့် အချက်တွေ လုပ်နေသေးတယ် ဆိုရင်တော့ ကွန်ဒုံးအသုံးပြုတာကို ရပ်တန့်ဖို့ လုံးဝလုံးဝ မသင့်လျော်ပါဘူး။
(၁) သွေးစစ်ထားခြင်း မရှိရင်
Photo : Medrite Urgent Cares
ကွန်ဒုံးမသုံးပဲ အတူနေကြမယ့် စုံတွဲတွေမှာ နှစ်ဦးနှစ်ဖက် ကျန်းမာရေးနောက်ခံ ရာဇဝင်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားတာ အကောင်းဆုံးပါပဲ။ ကွီးရော ကွီးတို့ပါတနာ နှစ်ဦးလုံး သွေးစစ်ထားတယ် ၊ ရောဂါကင်းရှင်းကြောင်း သေချာတဲ့ သွေးစစ်ချက် ရလဒ်အဖြေတွေကို အပြန်အလှန် မျှဝေထားတယ်ဆိုမှသာ ကွန်ဒုံးအသုံးပြုမှုကို ရပ်တန့်ဖို့ စဉ်းစားပါ။ ဒီလိုမှမဟုတ်ပဲ နှစ်ဦးလုံး သွေးစစ်ထားခြင်း မရှိဘူး ၊ ကျန်းမာရေး နောက်ခံရာဇဝင်တွေ မသိဘူးဆိုရင် ကွန်ဒုံးမပါပဲ အတူနေဖို့ မသင့်လျော်ပါဘူး။
(၂) စိတ်ချရတဲ့ သန္ဓေတားနည်း မသုံးဘူးဆိုရင်
Photo : Healthline
စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုကို အသုံးပြုနေခြင်း မရှိပဲ ကွန်ဒုံးအသုံးပြုတာကို မရပ်တန့်သင့်ပါဘူး။ ကွန်ဒုံးဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး သန္ဓေတားနည်းတစ်ခု ဖြစ်ပေမယ့် အခြား သန္ဓေတားနည်းတစ်ခုခုနဲ့ တွဲသုံးမှသာ ပိုစိတ်ချရတာပါ။ တကယ်လို့များ ကွီးတို့က တခြား စိတ်ချရတဲ့ သန္ဓေတားနည်း တစ်ခုခုကိုလည်း သုံးမနေဘူး ၊ ကွန်ဒုံး အသုံးပြုမှုကိုလည်း ရပ်တန့်လိုက်မယ် ဆိုရင်တော့ ဒါဟာအန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
(၃) နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရှိဘူးဆိုရင်
Photo : ABC News – The Walt Disney Company
ကွန်ဒုံးမသုံးပဲ အတူနေဖို့ ဆုံးဖြတ်တာဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိမှ လုပ်ဆောင်သင့်ပါတယ်။ ကိုယ့်ပါတနာရဲ့ ဆန္ဒမပါပဲ အတင်းအကြပ် ဖိအားပေး ခိုင်းစေတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ဖက်ဖက်က ဖိအားတွေ ခံစားလာရရင် ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဘဝတစ်ခုနဲ့ အလှမ်းဝေး သွားနိုင်သလို ကိုယ့်ပါတနာရဲ့ စိတ်ဆန္ဒကိုလည်း မလေးစားရာ ရောက်စေတဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
(၄) သန္ဓေတားဆေးသုံးပြီး အချိန်မစောင့်ဘူးဆိုရင်
Photo : Every Body Texas
သန္ဓေတားဆေး သုံးပြီးပြီးချင်းမှာပဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို လုပ်ဆောင်လို့ မရပါဘူး။ အရေးပေါ် သန္ဓေတားဆေး ကလွဲလို့ Hormonal Methods တွေဖြစ်တဲ့ ထိုးဆေး ၊ သောက်ဆေးနဲ့ သားအိမ်အတွင်းထည့်တဲ့ ကိရိယာတွေဟာ အာနိသင်ပြဖို့ ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းရပါတယ်။ ဒါကြောင့် Hormonal Methods သန္ဓေတားဆေးတွေ အသုံးပြုပြီး ချက်ချင်းဆိုသလို ကွန်ဒုံး မပါပဲ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Source : Vice
Featured Photo : The Guardian